Got Talent ဒိုင်တွေကို အံ့အားသင့်စေခဲ့တဲ့ မျက်မမြင်အော်တစ်ဇင် ကောင်လေးရဲ့ဖျော်ဖြေမှု

မကြာသေးခင်က ကျင်းပခဲ့တဲ့ America’s Got Talent မှာ Golden Buzzer ရသွားသူကတော့ မျက်မမြင်အော်တစ်ဇင် လူရွယ်လေးတစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက်(၂၂)နှစ်ဖြစ်ပြီး နာမည်ကတော့ Kodi Lee ပါ။ သူဟာ မိခင်ရဲ့အကူအညီနဲ့ စင့်မြင့်ပေါ်ကို တက်လာပြီး၊ သူရဲ့ ဂီတပါရမီကို ကမ္ဘာသိအောင် ပြသနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့အဲဒီပြိုင်ပွဲမှာ မိခင်ဖြစ်သူ Tina ကိုယ်တိုင်က သား Kodi ရဲ့အခြေအနေကို ဒိုင်လူကြီးတွေ သဘောပေါက်အောင် ရှင်းပြခဲ့ပါတယ်။ Kodi နဲ့ အမေးအဖြေလုပ်ခဲ့ရာမှာလည်း စကားက တုံ့နှေးနေပြီး၊ ဖျော်ဖြေမှုအပိုင်းမှာ ထိရောက်ပါ့မလားဆိုတာ စိုးရိမ်ဖွယ်ရာပါဘဲ။

 

ဒါပေမယ့် Kodi ဟာ သူကျွမ်းကျင်တဲ့ စန္ဒယားကိုတီးပြီး ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Donny Hathaway ရဲ့ A Song For You နဲ့ ဒိုင်လူကြီးလေးဦးစလုံးရဲ့ အသည်းတွေကို ကိုင်လှုပ်လိုက်ပါတယ်။ ဒီသီချင်းဟာ (၁၉၇၁)ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရင်ထဲကို ရောက်ခဲ့တဲ့ သီချင်းအေးအေးလေးပါ။

Kodi ဟာ အကြောက်တရား လုံးဝမရှိဘဲ သီချင်းကို Mood အပြည့်နဲ့ ပရိသတ်ကိုလည်း ရှိတယ်လို့မထင်၊ ဟန်ချက်ညီညီ၊ စည်းဝါးကိုက်ကိုက် သီဆိုခဲ့ပါတယ်။ ဒိုင်တွေ ပရိသတ်တွေလည်း သီချင်းမှာ နစ်မြောပြီး၊ ဒီသီချင်းလေး ပြီးဆုံးသွားမှာကို မသိစိတ်က စိုးရိမ်နေတဲ့ အရိပ်အကဲကို တွေ့ရပါတယ်။

နောက်ဆုံးတော့ Kodi ဟာ Golden Buzzer ဆုကို ရရှိခဲ့ပြီး၊ မိခင်ကလည်း သားဖြစ်သူရဲ့ အောင်မြင်မှုကို မျက်ရည်တွေဝေနေတဲ့ ပီတိမျက်လုံးလေးနဲ့ ကြည့်နေသလို၊ ပရိသတ်ကလည်း ဝမ်းသာလှိုက်လှဲမှုတွေနဲ့အတူ မျက်ရည်စို့ခဲ့ရတဲ့ အဖြစ်ပါ။ သူ့ရဲ့သီချင်းလေးကိုလည်း ခံစားလိုက်ကြပါဦးနော်။

လင်းသုတ (Shwemom)

SHARE