ပရဟိတရံပုံငွေ ပေါင်(၁)သန်း ရှာနိုင်ခဲ့လို့ Pride Of Britain Award ဆုကိုဆွတ်ခူးခဲ့သူ

Twitter / Jamie McDonald

ဗြိတိန်တစ်ခွင်မှာ ဂုဏ်သိက္ခာအားဖြင့် ကြီးကျယ်လှတဲ့ Pride Of Britain Award ဆုကို Jamie McDonald အမည်ရ အမျိုးသားက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီဆုမှာ ဆုအမျိုးအစား (၁၀)မျိုး သီခြားစီသတ်မှတ်ထားပြီး၊ (၁၉၉၉)ခုနှစ်ကတည်းက ဒီဆုကို စတင်ချီးမြင့်ခဲ့တာဖြစ်ပြီး၊ အနယ်နယ်အရပ်ရပ်က သူရဲကောင်းတွေ၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူတွေ၊ ပရဟိသမားတွေ၊ ကလေးများအတွက် ကျေးဇူးပြုသူတွေကို ပေးအပ်လေ့ ရှိခဲ့ပါတယ်။

Jamie ကတော့ ပရဟိတအကျိုးပြုရံပုံငွေအတွက် ပေါင်(၁)သန်းအထိ တစ်ကိုယ်ရေရှာဖွေနိုင်ခဲ့သလို၊ ကြီးမားလှတဲ့ ဒုက္ခတွေကြားမှာ သူဟာ ခံနိုင်ရည်ရှိစွာ၊ သည်းခံနိုင်စွာနဲ့ ရုန်းကန်ခဲ့ရသူပါ။ Jamie ဟာ ဒီဆုကို အလွယ်တကူရခဲ့တာတော့ မဟုတ်ပါဘူး။ သက်ရှိစူပါဟီးရိုးတွေရဲ့ထုံးစံအတိုင်း သူ့မှာလည်း ဘဝနာခဲ့ရတာတွေ ရှိပါတယ်။

Jamie ဟာ (၇)နှစ်အရွယ်တုန်းက ရှားပါးတဲ့ ကျောရိုးဆိုင်ရာရောဂါကြောင့် ဝှီးချဲပေါ်မှာပဲ အချိန်ကုန်ခဲ့ရသူပါ။ ဒေါက်တာက Jamie အနေနဲ့ လမ်းပြန်လျှောက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Jamie ရဲ့ မိခင်က “ မင်းအနေနဲ့ ဒီဝှီးချဲပေါ်မှာပဲ ဘဝကို ကုန်ဆုံးရမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး .. ဒီတော့ ဒေါက်တာပြောတဲ့စကားကို မေ့လိုက်ပါ ”လို့ ပြောခဲ့ပါသတဲ့။

သူဟာ အိမ်ဝယ်ဖို့ ပိုက်ဆံ ပေါင်(၂)သောင်း စုနိုင်ခဲ့ပေမယ့် အိမ်မဝယ်တော့ဘဲ စက်ဘီးတစ်စီး ဝယ်ခဲ့ပါတယ်။ ပေါင်(၅၀)သာ ပေးခဲ့ရပါတယ်တဲ့။ ဆေးရုံအတွက် ပိုက်ဆံရှာဖွေဖို့ ပရဟိတခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဘန်ကောက်ကနေ မိုင်(၁၄၀၀၀)ဝေးတဲ့ Gloucester ကို စက်ဘီးနဲ့ တစ်ကိုယ်တော် ခရီးနှင်ခဲ့တာပါ။

ခက်ခဲကြမ်းတမ်းလှတဲ့ ခရီးရှည်ကြီးမှာ ဘေးအန္တရာယ်တွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အာဖဂန်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရပြီး၊ ဆေးရုံမှာ မသေရုံတမယ် အသက်နဲ့သေမင်းနဲ့ သူနိုင်ကိုယ်နိုင် စစ်ခင်းခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ယခင်က  ဂင်းနစ်မှတ်တမ်းစံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ သူဟာ (၁၂)ရက်ဆက်တိုက် တစ်ရက်မှာ တစ်နာရီခွဲသာ အိပ်စက်ပြီး ခရီးရှည်နှင်ခဲ့တဲ့ လူသားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာပါ။

ဇာတိကိုပြန်ရောက်လို့ ကနေဒါ အလည်အပတ်ခရီးမှာ မိုင်(၅၀၀၀)မာရသွန်ကိုလည်း ဆင်နွှဲခဲ့ပါတယ်။ မာရသွန်ပြိုင်ပွဲ(၂၀၀)ကို ဆက်တိုက်ဆင်နွှဲခဲ့တာပါ။ အမေရိကန်တစ်ခွင်မှာလည်း ဒီနည်းနှင်နှင် ဆက်လက်ဆင်နွှဲခဲ့ပြီး၊ အဲဒီအချိန်မှာတော့ DC ရဲ့ စူပါဟီးရိုးဇာတ်ကောင် The Flash အဝတ်အစားဒီဇိုင်းနဲ့ ဆင်နွှဲခဲ့ပါတယ်။

ဒါပေမယ့် ဇာတ်ကားတာဝန်ရှိသူတွေက သူတို့ မူပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့တာကြောင့် လူမှုကွန်ရက်မှာ စကားရည်လုပွဲတွေတောင် ကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့ပါသေးတယ်။ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးသူကတော့ (၆)နှစ်အရွယ် ကလေးလေးဖြစ်ပြီး၊ သူရေးဆွဲပေးတဲ့ဒီဇိုင်းကို ဝတ်စုံချုပ်ဝတ်ဆင်ကာ အမေရိကန်မှာ ခရီးရှည်ဆက်ခဲ့တာပါ။

နောက်ထက် ဂင်းနစ်မှတ်တမ်းကတော့ (၇)ရက်အတွင်း မိုင်အများဆုံးပြေးနိုင်တဲ့ မာရသွန်သမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ သူဟာ တစ်ပတ်အတွင်းမှာ မာရသွန်ပွဲ(၂၀)အထိ ဆင်နွှဲခဲ့ပြီး၊ (၅၂၄)မိုင် ပြေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် လူမှုကွန်ရက်က သူ့ကို Adventureman ဆိုပြီး ချစ်စနိုးအမည်ပေးခဲ့ပါတယ်။

ဒီခရီးရှည်တွေအတွင်းမှာ သူရဲ့ ကိုယ်ပိုင် ပရဟိတအသင်းအတွက် ပေါင်(၁)သန်းကျော် စုဆောင်းနိုင်ခဲ့ပါတယ်။ ဒီလို ရဲရင့်အနစ်နာခံမှုတွေကြောင့် သူဟာ လန်ဒန်မှာကျင်းပတဲ့ Pride of Britain ‘Fundraiser of the Year’ ဆုကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

လင်းဇော်ကို

SHARE