PlayStation 4 ဂိမ်းတစ်ခုအတွက် သီးသန့်ကားထုတ်လုပ်ပေးလိုက်တဲ့ လန်ဘော်ဂီနီ

Lamborghini.com

ကမ္ဘာကျော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ လန်ဘော်ဂီနီဟာ ကားဒီဇိုင်းအလန်းတွေကို နှစ်စဉ်ထုတ်လုပ်နေကြကုမ္ပဏီတစ်ခုပါ။ ဒါပေမယ့် အခု ထုတ်လုပ်လိုက်တဲ့ ကားကတော့ တကယ့်အပြင်မှာရှိရင် တော်တော်လေးကို ကြမ်းပြီး တော်တော်ဂေါ်မယ့် ကားတစ်စင်းကို ထုတ်လုပ်လိုက်ပါတယ်။

Lamborghini V12 Vision GTလို့ အမည်ပေးထားတဲ့ ဒီဇိုင်းကာလာအနေအထား လန်းလွန်းတဲ့ ကားတစ်စင်းကို PS4 ပြိုင်ကားဂိမ်းတစ်ခုထဲမှာ မြင်တွေ့ရတော့မှာပါ။ GT လို့ အမည်ပေးထားတဲ့အတိုင်းပဲ  Gran Turismo ဆိုတဲ့ ကားပြိုင်ပွဲဗီဒီယိုဂိမ်းတစ်ခုထဲမှာ သိပ်မကြာခင် မောင်းနှင်လို့ရတော့မှာပါ။

Lamborghini.com

တကယ်တော့ လန်ဘော်ဂီနီကုမ္ပဏီဟာ အခုလို ဂိမ်းအတွက်ကားထုတ်လုပ် စီစဉ်နေခဲ့တာ အတော်ကြာပါပြီ။  Gran Turismo ဂိမ်းကို ဖန်တီးတဲ့Kazunori Yamauchi က လန်ဘော်ဂီနီ ကုမ္ပဏီကို နှစ်ယောက်စီးကားလုပ်ပေးဖို့ ဆော်သြခဲ့ပေမယ့် အခုထွက်လာတဲ့ ပုံစံအရတော့ single-seat တစ်ယောက်စီးပါပဲ။ mid-engined ဖြစ်ပါတယ်။ လန်ဘော်ဂီနီရဲ့ အဆိုအရ ဒါဟာ ပြိုင်ကားမောင်းတဲ့ ပြိုင်ကားတစ်စင်းဖြစ်တာကြောင့် ဘေးနားက အဖော်မလိုဘူးလို့ ဆိုပါတယ်။

ဗီဒီယိုဂိမ်းထဲကပြိုင်ကားတစ်စင်းဖြစ်ပေမယ့်လို့ ကားကို ထုတ်လုပ်ထားတဲ့ ပုံစံအရတော့ တကယ့်အပြင်က ကားတွေရဲ့ အတွင်းတပ်ဆင်ပုံတွေနဲ့ တစ်ထေရာတည်းပါပဲ။ ဒါ့အပြင် လန်ဘော်ဂီနီက သိပ်မကြာခင် ထုတ်လုပ်တော့မယ့် Sian FKP 37 လို့ အမည်ပေးထားတဲ့ ကားတွေရဲ့ Concept ကို ဒီဗီဒီယိုဂိမ်းအတွက်လုပ်ထားတဲ့ ပြိုင်ကားထဲမှာ အသုံးပြုထားပါတယ်။ အင်ဂျင်ကတော့ မြင်းကောင်ရေအား ၈၁၉ ဖြစ်ပါတယ်။

Lamborghini.com

လန်ဘော်ဂီနီရဲ့ ထုတ်လုပ်နေကြကားတွေရဲ့ အင်ဂျင်တွေ၊ ကားလက်ကိုင်တွေနဲ့ ကားတပ်ဆင်မှုနဲ့ ပတ်သက်ပြီး ဂိမ်းနဲ့ တကယ့်လက်တွေ့နဲ့ အတူတူ ဖြစ်လာခဲ့တာပါ။ တကယ့်အပြင်မှာသာ ရှိခဲ့ရင် လူကြိုက်များမယ့် ကားတစ်စင်း သေချာပေါက်ဖြစ်လာမှာပါ။

ဗီဒီယိုဂိမ်းအတွက် ကားပုံစံပြင်ဆင်ခွင့်ရတဲ့ အတွက် လန်ဘော်ဂီနီကုမ္ပဏီအတွက် အားသာချက်တွေ အများကြီးရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်အပြင်မှာ ထုတ်လုပ်မယ့် ကားတွေရဲ့ ပုံစံတွေ၊ ဒီဇိုင်းအနေအထားတွေကို စိတ်ကြိုက်စမ်းသပ်ခွင့်ရခဲ့လို့ ဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းအတွင်းမှာ ဘာမဆိုလုပ်လို့ရတယ်ဆိုတော့ ကုမ္ပဏီအတွက် ကားကို စိတ်ကြိုက်ခြယ်လှယ်လို့ရတဲ့ အနေအထားတစ်ခုပါ။

ဒါ့အပြင် ဒီဗီဒီယိုဂိမ်းအတွက် ကားကြော်ငြာမိတ်ဆက်တဲ့ နေရာမှာ ဒါဟာ အနာဂါတ်ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ကြော်ငြာထားတော့ သိပ်မကြာခင်မှာ ဗီဒီယိုဂိမ်းတွေထဲမှာသာ တွေ့ရတဲ့ ကားတွေကို အပြင်မှာ တွေ့ရတော့မယ်လို့ ထင်ပါတယ်။

Ye Yint Kyaw

SHARE