ကမ္ဘာပေါ်က တစ်ချို့သော ကျွန်းကလေးတွေမှာဆိုရင် တိရစ္ဆာန်မျိုးစိတ်တစ်မျိုးမျိုးက ကျွန်းအနှံ့မှာ နေရာယူထားတာ ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်းနာမည်တွေကို ကျွန်းပေါ်နေ ၄င်းတိရစ္ဆာန်မျိုးစိတ် အမည်နဲ့ မှည့်ခေါ်ထားကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ လူသိနည်းပေမယ့် တိရစ္ဆာန်ချစ်သူတွေအတွက် လည်ပတ်ချင်စဖွယ်ကောင်းလှတဲ့ တိရစ္ဆာန်ကျွန်းကလေးတွေကို worldofbuzz ကနေ အခုလို ဖော်ပြပေးလိုက်ပါတယ်။
ကြိုးကြာကျွန်း

အေရူဘာအမည်ရတဲ့ ကျွန်းနိုင်ငံလေးမှာဆိုရင် ကြိုးကြာငှက်တွေ အများကြီးရှိပါတယ်။ အရောင်က ပန်းနုရောင်အသွေးနဲ့ ကျက်သရေရှိလှတဲ့ ကြိုးကြာငှက်တွေဟာ ကမ္ဘာမြေကြီးရဲ့လက်ရာမြောက်တဲ့ ဖန်တီးမှုတစ်ရပ်ပါပဲ။ တကယ်လို့ သင်က ပန်းရောင်ခြယ် သတ္တ၀ါတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကျွန်းလေးကို သွားလည်သင့်ပါတယ်။ ကျွန်းလေးအမည်ကတော့ ရီနေးဆန့်စ်ကျွန်းဖြစ်ပြီး အေရူဘာကနေ အဲ့ဒီကိုရောက်ဖို့ ဖယ်ရီစီးသွားရပါတယ်။ ကျွန်းပေါ်မှာတော့ ဖွတ်၊ပုတ်သင်တွေနဲ့ အခြားတောငှက်တွေလည်း ရှိပါတယ်။
သမင်ကျွန်း

မီယာဂျီမ ကျွန်းကလေးဟာ မှော်ဆန်ဆန် ပုံပြင်တွေ မွေးဖွားရာနေရာလေး ဖြစ်သလို ကျွန်းလေးကိုယ်တိုင်ကလည်း ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျွန်းကို မီယာဂျီမအပြင် သမင်ကျွန်းလို့လည်း ခေါ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ဒီ မီယာဂျီမ ကျွန်းကလေးပေါ်မှာ သမင်ကောင်ရေ အများကြီးရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ရှုခင်းအရမ်းလှတဲ့ ကျွန်းတွေထဲမှာ တစ်ကျွန်းအပါအ၀င် ဖြစ်ပါတယ်။ မီယာဂျီမကျွန်းကလေးက သီးသန့်ကျွန်းမဟုတ်တာကြောင့် တစ်ရက်တာလောက်ပဲ လည်ပတ်နိုင်ပါတယ်။
ယုန်ကျွန်း

အိုခူနိုရှီမ အမည်ရတဲ့ ကျွန်းလေးဟာ ဂျပန်နိုင်ငံထဲက ကျွန်းငယ်လေးတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ ချစ်စရာကောင်းတဲ့ ယုန်လေးတွေ နေထိုင်တဲ့အတွက် ယုန်ကျွန်းလို့လည်း ခေါ်ပါတယ်။ National Geographic အရတော့ ဂျပန်အစိုးရဟာ အိုခူနီရှီမကျွန်းပေါ်မှာ အဆိပ်ငွေ့စမ်းသပ်မှုတွေကို တိတ်တဆိတ်ပြုလုပ်နေတာ ဖြစ်ပြီး ယုန်တွေကို ၄င်းကျွန်းပေါ်မှာ အစမ်းသပ်ခံသတ္တ၀ါလေးတွေအဖြစ် ထားရာကနေ ယုန်ကျွန်းဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါကတော့ ကျွန်းနဲ့ ပတ်သက်တဲ့ ပထမဇာတ်လမ်း ဖြစ်ပါတယ်။
ဒုတိယဇာတ်လမ်းကတော့ ဗြိတိန်က စုံတွဲတစ်တွဲဟာ ကျွန်းပေါ်ကို ယုန်လေးတွေ ခေါ်လာခဲ့ရာမှ ယုန်တွေဟာ တဖြည်းဖြည်းတိုးပွားလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တစ်ချို့ကလည်း ယုန်လေးတွေကို အနီးနား ကျောင်းတစ်ကျောင်းကနေ (၁၉၇၁) ခုနှစ်မှာ လွှတ်ခဲ့တဲ့အတွက် တစစနဲ့ ယုန်ကောင်ရေများလာတာလို့လည်း ဆိုကြပါသေးတယ်။ ကျွန်းပေါ်မှာတော့ ယုန်ကောင်ရေ (၇၀၀) ကနေ (၁၀၀၀) ကြားရှိပါတယ်။ ယုန်လေးတွေဟာ လူနဲ့ယဉ်ပါးပေမယ့် တစ်ခါတစ်လေ သူတို့ဗိုက်ဆာနေတဲ့အချိန်ကျရင်တော့ ရန်လိုတတ်တယ်လို့လည်း သိရပါတယ်။
လင်းလင်း (ShweMom)