စိတ်သောက ရောက်နေတဲ့သူတွေရှိရင် ဒီနည်းလမ်းတွေနဲ့ ကူညီကြမယ်

New Africa/Shutterstock

တစ်ခါတလေကျရင် ကိုယ့်ပတ်ဝန်းကျင်မှာ သောကရောက်နေတဲ့သူတွေကို တွေ့ရတတ်ပါတယ်။ လူတိုင်းဟာ အကြောင်းရင်း တစ်ခုမဟုတ် တစ်ခုကြောင့် သောကရောက်ကြရတာချည်းပါပဲ။ တချို့က အလုပ်ကြောင့်၊ မိသားစုကြောင့်၊ ပိုက်ဆံကြောင့်၊ ချစ်သူကြောင့်၊ အပေါင်းအသင်းတွေကြောင့် စသဖြင့် တမျိုးမဟုတ် တမျိုး သောက ဖြစ်နေတတ်ကြတယ်။ ဒီလိုလူမျိုးတွေနဲ့တွေ့ရင် ကူညီပေးပါ။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ ခံစားနေရတဲ့ သောက က ထုထည်ကြီးမားလာလေလေ ၊ သူတို့ရဲ့အသက်ရှင်ချင်စိတ်က ကုန်ခမ်းလာလေလေမို့ပါပဲ။ ဒီတော့ သောကရောက်နေတဲ့သူတွေကို ဒီနည်းလမ်းလေးတွေနဲ့ ကူညီရင်း သူတို့ကို လမ်းမှန်ပေါ် ပြန်လည်တည့်မတ်ပေးကြရအောင်နော်…။

(၁)။ သူဘာကြောင့် သောကရောက်နေလဲဆိုတာ သိအောင်လုပ်ပါ

သူ သောက ရောက်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ အရင်ဆုံး သိအောင်လုပ်ပါဦး။ အကြောင်းရင်းကို သေချာမသိပဲနဲ့တော့ သူ့ကို နှစ်သိမ့်ပေးလို့၊ ကူညီပေးလို့ရမှာမဟုတ်ဘူးလေ။ သူ ဘာဖြစ်နေလဲဆိုတာ သေချာသိတော့မှ သူ့ကို အကြံဥာဏ်ကောင်းတွေ မျှဝေပေးနိုင်မယ်၊ ကူညီဖို့ ကြိုးစားပေးနိုင်မယ် မဟုတ်လား။

READ
ဖိနပ်နဲ့ အ၀တ်အစားတွေ အမြဲသစ်လွင်တောက်ပြောင်စေမယ့်နည်းလမ်းများ
Jamesboy Nuchaikong/Shutterstock

(၂)။ သူ့ရဲ့ခံစားမှုကိုနားလည်ပေးဖို့ ကြိုးစားပါ

သူ့ခံစားမှုကို နားလည်ပေးနိုင်ဖို့ လိုပါတယ်။ တချို့ဆိုရင် သောကရောက်တဲ့အခါ စိတ်ဓာတ်တွေကျပြီး တစ်ယောက်တည်းနေချင်ကြတာမျိုးရှိတယ်လေ။ အဲဒီလိုအချိန်မျိုးဆိုရင်လည်း သူ့ကို နားလည်ပေးလိုက်ပါ။ သူ မပြောချင်တာတွေ၊ မဖြေချင်တာတွေကို အတင်းမမေးပါနဲ့ဦး။

တချို့ကတော့ သောကရောက်နေတဲ့အချိန်တွေမှာ သူတို့အနားမှာ တစ်ယောက်ယောက် ရှိစေချင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ခံစားမှုနားလည်ဖို့ ကြိုးစားတာက အသုံးအ၀င်ဆုံးပါ။

(၃)။ မကောင်းတဲ့အတွေးတွေ မတွေးမိအောင်လမ်းပြပေးပါ

လူတွေက သောကရောက်နေတဲ့အချိန်တွေဆိုရင် မကောင်းတဲ့အတွေးမျိုးတွေ တွေးမိကြတယ်။ အရမ်းလည်း စိတ်ဓာတ်ကျလွယ်ကြတယ်။ တချို့ဆိုရင် မစားနိုင်၊ မအိပ်နိုင်နဲ့ ကျန်းမာရေးထိခိုက်တဲ့အထိ ဖြစ်ကုန်တတ်ကြတာပါ။ ဒီတော့ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေထဲမှာ သောကရောက်နေသူတွေရှိတဲ့အခါ သူတို့ကို မကောင်းတဲ့အတွေးတွေ မတွေးမိအောင် လမ်းပြပေးဖို့လိုပါတယ်။ သူတို့ရဲ့ပြဿနာတွေဟာ အချိန်တစ်ခုရောက်တာနဲ့ ပြေလည်သွားမှာပါ ဆိုတဲ့အကြောင်း သူတို့ကို နားလည်အောင် ရှင်းပြပေးဖို့လည်း လိုပါလိမ့်မယ်။

READ
မိမိရဲ့ကလေး လူကြားထဲမှာအကြောက်မကြီးစေဖို့
REDPIXEL.PL/Shutterstock

(၄)။ သူ့ထက်အခြေအနေဆိုးတဲ့သူတွေရှိသေးတယ်ဆိုတာ သိအောင်လုပ်ပေးပါ

ကမ္ဘာကြီးပေါ်မှာ သူ့ထက် အခြေအနေဆိုးတဲ့သူတွေလည်း ရှိသေးတယ်ဆိုတာကို သိအောင်လုပ်ပေးဖို့လည်း လိုပါတယ်။ လူတွေက သောက ဖြစ်စရာ တစ်ခုခု ကြုံလာရပြီဆိုရင် သူတို့ ရင်ဆိုင်နေရတဲ့ ပြဿနာက အကြီးကြီးလို့ ထင်မိတတ်ကြတယ်။ အဲဒီလိုနဲ့ ဘာမှ မှန်မှန်ကန်ကန်မတွေးနိုင်တော့ပဲ အဆိုးဖက်ကို ရောက်သွားကြတာပါ။

ဒီတော့ သင့်အနေနဲ့ သူ့ထက်အခြေအနေဆိုးတဲ့သူတွေ ရှိနေသေးတယ်ဆိုတဲ့အကြောင်းနဲ့ သူတို့ရဲ့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတဲ့အကြောင်းတွေပြောရင်း သောက ရောက်နေသူကို အားပေးနိုင်ပါတယ်။

(၅)။ သူ့ကိုယ်သူ ပြန်လည်တည်ဆောက်နိုင်ဖို့ကူညီပေးပါ

ကြီးမားတဲ့သောက ကို ရင်ဆိုင်နေကြရသူတွေအတွက် ပြန်လည်တည်ဆောက်နိုင်ဖို့ အချိန်တစ်ခု လိုအပ်တာ အမှန်ပါ။ အဲဒီလို ပုံမှန်အခြေအနေမျိုး ပြန်ရတဲ့အထိ သူတို့ကို ကူညီပေးဖို့၊ သူတို့ဘေးမှာ ရှိနေပေးဖို့ လိုပါလိမ့်မယ်။

fizkes/shutterstock

Linn

SHARE