ကိုယ့်သားသမီးတွေကို တကယ်ချစ်တယ်ဆိုရင် မပြုလုပ်သင့်တဲ့အချက်(၅)ချက်

6964520/Pixabay

ကိုယ့်သားသမီးကို မချစ်တဲ့မိဘတွေဆိုတာ ရှိမယ်မထင်ပါဘူး။ တချို့ဆိုရင် ချစ်လွန်းလို့ သားသမီးကို ဘယ်လိုဆုံးမရမှန်းတောင်မသိတဲ့ မိဘတွေလည်း ရှိတတ်ကြပါတယ်။ တချို့ကျတော့ ချစ်လွန်းလို့ အလိုလိုက်ကြတယ်၊ တချို့ကျတော့လည်း ချစ်လွန်းလို့ဆိုပြီး တစ်ခုခုဆို ရိုက်နှက်ဆုံးမလိုက်ရမှ။ တချို့ကျတော့လည်း ဘာမဆို သူတို့စိတ်တိုင်းကျပဲ ဆုံးဖြတ်တတ်ကြပြီး ကလေးတွေ ရဲ့ စိတ်ခံစားမှုကို ဂရုမစိုက်တတ်ကြပြန်ဘူး။

မိဘတွေအနေနဲ့ သားသမီးတွေ အောင်မြင်လာတာ၊ ထွန်းပေါက်လာတာကို မြင်ချင်တယ်ဆိုရင် တချို့အချက်လေးတွေကို သတိထားပြီးဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် ဒီလိုအချက်လေးတွေပေါ့။

(၁)။ ရိုက်နှက်ဆုံးမတာ

ကလေးတွေကို ရိုက်နှက်ဆုံးမတဲ့ ခေတ်ကြီးက ကုန်သွားပြီလို့တောင် ပြောရမှာပါ။ အရင်တုန်းက ကလေးတွေကို နာနာရိုက်မှ အမှတ်သည်းခြေရှိလိမ့်မယ်လို့ မိဘတွေ လက်ခံထားကြပေမယ့် အခုခေတ် မိဘတွေကတော့ ကလေးတွေကို နာနာရိုက်ပြီးဆုံးမတာ မကြိုက်ကြတော့ပါဘူး။ တကယ်လို့ သင့်မှာ ကလေးတစ်ယောက်ရှိပြီး၊ အဲဒီကလေး အရမ်းဆိုးတယ်လို့ ထင်ရတဲ့အခါ ရိုက်နှက်ဆုံးမနေမိတယ်ဆိုရင်လည် အဲဒီအကျင့်ကြီးကို ဖျောက်ပစ်လိုက်ပါ။ တစ်ခါတလေကျရင် ကလေးတွေကို ရိုက်ပြီးဆုံးမတာဟာ သူတို့ကို စိတ်ဒဏ်ရာပေးနေသလိုပါပဲ။ အဲဒီလို ရိုက်လိုက်တဲ့အတွက် သူတို့စိတ်ထဲမှာ ကြောက်တာထက်၊ မခံချင်စိတ်ဖြစ်လာတာက ပိုများလာမှာဖြစ်ပြီး သင့်ကို ပိုပြီး အရွဲ့တိုက်နေမှာမို့ပါ။

READ
မိန်းကလေးတစ်ယောက်ကို စိတ်ဆိုး၊ဒေါသထွက်စေမယ့် မပြောသင့်တဲ့စကားတွေ ...
dhanelle/Pixabay

(၂)။ အောင်မြင်မှုရဖို့အတင်းအကျပ်ဖိအားပေးနေတာ

ကလေးက မူလတန်းတက်ကာစရှိသေးတယ် အဆင့်(၁)မရလို့၊ အဆင့်(၂)မရလို့ ဆိုပြီး အတင်းတွေ စာကျက်ခိုင်း၊ ကျူရှင်တွေတက်ခိုင်းနဲ့ ဖိအားပေးနေတာမျိုးကို ရှောင်သင့်ပါတယ်။ ကလေးအရွယ်ဆိုတာ ဦးနှောက်ဖွံ့ဖြိုးကာစအရွယ်ဖြစ်ပြီး သူတို့ကို ဖိအားပေးခိုင်းစေနေတာထက် သူတို့ကိုယ်တိုင်လုပ်ချင်စိတ် ရှိလာအောင် ဖန်တီးပေးတာက ပိုလို့အလုပ်ဖြစ်ပါတယ်။ သူတို့အတွက် အရေးကြီးတာက မူလတန်း၊အလယ်တန်းမှာ အဆင့်ကောင်းကောင်းရဖို့လား၊ အနာဂတ်မှာအလုပ်ကောင်းကောင်းရဖို့လား၊ ဒါမှမဟုတ် ဘ၀မှာအောင်မြင်မှုရဖို့လား စသဖြင့် ဘာကအရေးအကြီးဆုံးလဲဆိုတာ သင်ကိုယ်တိုင်သေသေချာချာ သိထားဖို့ လိုပါလိမ့်မယ်။

DigiPD/Pixabay

(၃)။ သူတို့ဝါသနာကို ဂရုမစိုက်တာ

တချို့ကလေးတွေက သူတို့ရဲ့ဝါသနာ ကို ငယ်စဉ်မှာကတည်းက ထုတ်ပြီး ပြတတ်တယ်။ အဲဒီလို ကလေးမျိုးနဲ့တွေ့ရရင် သူတို့ဝါသနာအတိုင်း ဘေးကနေ ပံ့ပိုးပေးတာက သူတို့ကို အောင်မြင်စေဖို့ ကူညီပေးတာပါပဲ။ သင့် ကလေးက ငယ်ငယ်ကတည်းက သင်္ချာမှာ အံ့သြဖို့ကောင်းလောက်အောင် တော်နေပေမယ့် သင်က လုံးဝကို သတိမထားမိတာမျိုးဆိုရင် သူဟာ ပါရမီရှိရဲ့နဲ့ မအောင်မြင်တဲ့ အနာဂတ်ကို ရသွားမှာပါ။ ဒီတော့ သင့်ကလေးတွေရဲ့ဝါသနာက ဘာလဲ၊ သူတို့ ထူးထူးချွန်ချွန်လုပ်နိုင်တာက ဘာလဲဆိုတာ ငယ်စဉ်အချိန်ကတည်းက စောင့်ပြီး အကဲခတ်သင့်ပါတယ်။

READ
သင့်ဘ၀မှာအတွေ့အကြုံရစေနိုင်တဲ့ လမ်းခွဲခြင်းအမျိုးမျိုး

(၄)။ အရာရာ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တာ

အရာရာ သင့်စိတ်တိုင်းကျ ဖြစ်ချင်လို့တော့မရဘူးလေ။ ကလေးတွေကို ကိုယ်လိုချင်သလို ပုံသွင်းလို့ရမယ်လို့လည်း မထင်မိပါစေနဲ့။ သင်က ဘောလုံးပွဲတွေကိုကြိုက်တဲ့သူ၊ ဒါမှမဟုတ် ဘောလုံးသမားဟောင်းတစ်ယောက်မို့ သင့်ကလေးကို ငယ်ငယ်ကတည်းက ဘောလုံးကန်ခိုင်းတာ၊ ဘောလုံးနဲ့ပတ်သက်တဲ့သင်တန်းတွေအတင်းတက်ခိုင်းတာမျိုးကို မလုပ်သင့်ပါဘူး။ သင်က သူ့ကို ဘောလုံးသမားဖြစ်စေချင်ပေမယ့် သူက ပန်းချီဆရာတစ်ယောက် ဖြစ်ရင် ဖြစ်ချင်နေမှာပေါ့။ သင့်ကလေးနဲ့ပတ်သက်ပြီး အရာရာကို သင့်စိတ်တိုင်းကျ ဖြစ်စေချင်တာမျိုး ရှောင်သင့်ပါတယ်။

Free-Photos /Pixabay

(၅)။ ဘာပဲဖြစ်ဖြစ် အလိုလိုက်နေတာ

သင်က ပိုက်ဆံတွေအရမ်းရှိနေလို့ ကလေးကို ဘာပဲလိုချင် လိုချင်ဝယ်ပေးနေမိတာ၊ ဘာပဲလုပ်လုပ် ခွင့်လွှတ်ပေးနေမိတာ စသဖြင့် အရမ်းတွေအလိုလိုက်နေမိတာကလည်း သူ့ကိုဖျက်ဆီးနေသလိုပါပဲ။ တချို့ကျတော့လည်း ပိုက်ဆံမရှိလွန်းလို့ ကလေးတွေလုပ်ချင်တာလုပ်ပစေ ဆိုပြီး လွှတ်ထားကြတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကလေးတွေဆိုတာ အတုယူမှားဖို့အရမ်းလွယ်သလို၊ ဆင်ခြင်နိုင်စွမ်းလည်းအားနည်းကြသူတွေမို့ သူတို့ကို အရမ်းကြီးပစ်ထားတာမျိုး၊ ဒါမှမဟုတ် မတရားအလိုလိုက်နေတာမျိုးကို တတ်နိုင်သလောက် လျော့သင့်ပါတယ်နော်။

Linn

 

SHARE