သင့်ဆီမှာ အလုပ်လုပ်ချင်စိတ် ရှိ၊မရှိဆိုတာ ဒီအချက်တွေနဲ့ဆုံးဖြတ်လို့ရတယ်

Shutterstock

မနက်တိုင်း အလုပ်ကိုတော့ ပုံမှန်လာပါရဲ့။ ဒါပေမယ့် အလုပ်ရောက်တော့ ပျော်သလိုလို၊မပျော်သလိုလို။ လုပ်ချင်သလိုလို၊၊မလုပ်ချင်သလိုလို။ အလုပ်တွေဆိုရင်လည်း ပြီးသလိုလို ၊ မပြီးသလိုလို ။ အလုပ်လုပ်ချင်စိတ်ကလည်း ရှိသလိုလို၊မရှိသလိုလို ။ ဒီလို၊ဟိုလိုတွေနဲ့ လမ်းပျောက်နေပြီဆိုရင် သင့်ဆီမှာ အလုပ်လုပ်ချင်စိတ်ပျောက်ဆုံးနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကဲ..သင့်ဆီမှာ အလုပ်လုပ်ချင်စိတ် ရှိ၊မရှိ ကို ဒီအချက်တွေနဲ့ ဆုံးဖြတ်လိုက်ကြရအောင်…။

(၁)။ တစ်နေ့အတွက်လုပ်ရမယ့်ကိစ္စတွေမပြီးပဲ အကြွေးကျန်နေတာ

တစ်နေ့တာ ကိုယ်လုပ်ရမယ့်အလုပ်တွေကို မလုပ်ပဲ အလုပ်အကြွေးတွေကျန်တာမျိုး နေ့တိုင်းနီးပါး ဖြစ်လာပြီဆိုရင် သင့်အနေနဲ့ အလုပ်အပေါ် အာရုံစူးစိုက်မှု မရှိတော့ဘူးလို့ ပြောရမှာပါ။ သင်က အလုပ်လုပ်ရမှာကို စိတ်ညစ်နေပြီး ပုံမှန်လုပ်နေကြအလုပ်ပမာဏက သင့်အတွက် များလွန်းတယ်လို့ ခံစားလာရမှာပါ။ ဒီလိုနဲ့ပဲ အလုပ်လုပ်ချင်စိတ် ကုန်ဆုံးသွားတာဖြစ်ပါတယ်။

READ
သင်မသိသေးတဲ့ ဂျင်းရဲ့အသုံးဝင်ပုံများ
Shutterstock

(၂)။ ရုံးဆင်းချိန်ကိုပဲ မျှော်နေမိတာ

မနက် ရုံးရောက်လို့ တစ်နာရီ၊ နှစ်နာရီလောက်ပဲ အလုပ်လုပ်ရသေးပေမယ့် ရုံးဆင်းချိန်ကို နာရီတကြည့်ကြည့်နဲ့ မျှော်နေမိတာကလည်း အလုပ်လုပ်ချိန်စိတ်မရှိကြောင်း ပြနေတာပါပဲ။ သင့်ရဲ့စိတ်က အလုပ်ကလွဲပြီး တခြားနေရာတွေကိုရောက်နေလိမ့်မယ်။ အလုပ်မှာမပျော်တော့ပဲ အိမ်ပဲပြန်ချင်နေလိမ့်မယ်။ အဲဒီလိုသာ မကြာခဏ ဖြစ်နေရင် သင့်အနေနဲ့ အလုပ်ကနေ ခွင့်ရက်ရှည်ယူပြီး နားနေတာက ပိုကောင်းပါလိမ့်မယ်။

(၃)။ ကိုယ့်အလုပ်ကလွဲပြီး တခြားသူတွေအလုပ်ကို စိတ်မ၀င်စားတာ

တခြားသူတွေက သူတို့အလုပ်တွေကို ကူပေးဖို့ အကူအညီတောင်းရင် မသိချင်ယောင်ဆောင်နေတတ်တာမျိုး။ သူဌေးက တိုက်ရိုက်ခိုင်းရင်တောင် မလုပ်ချင်လို့ စိတ်ကောက်ပြီး ခွင့်ယူတာမျိုးတွေ လုပ်နေရင် သင့်အနေနဲ့ အလုပ်မှာ စိတ်ဝင်စားမှုက တော်တော်လေး လျော့နည်းနေလို့ပါ။ ကိုယ့်အလုပ်တောင် မကောင်းတတ်လို့ လုပ်နေရတဲ့ပုံစံမျိုးနဲ့ လုပ်မှတော့ တခြားသူတွေကို ကူညီပေးဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနော်။

READ
အဆောင်မှာနေတဲ့သူတိုင်း သိထားသင့်တဲ့အရာလေးတွေ
Shutterstock

(၄)။ အလုပ်နဲ့ပတ်သက်ပြီးမကောင်းတဲ့အတွေးတွေပဲဝင်နေတတ်တာ

အလုပ်က လုပ်ရတာတွေများတယ်၊ လစာကျတော့နည်းတယ်။ အလုပ်လာရတာလည်း ဝေးလိုက်တာ။ ရုံးဆင်းချိန်ကျတော့လည်း သူများတွေထက်နောက်ကျတယ်။ သူများတွေ စနေ၊တနင်္ဂနွေပိတ်တဲ့အချိန်မှာ ကိုယ့်အလုပ်က မပိတ်ဘူး။ တစ်နေကုန်ထိုင်နေရတာ ညောင်းလိုက်တာ ။ တစ်နေကုန်မတ်တပ်ပဲရပ်နေရတယ်။ စသဖြင့် အဆိုးမြင်တဲ့အတွေးတွေချည်းပဲ အချိန်တိုင်း တွေးမိနေပြီဆိုရင် သင့်ဆီမှာ အလုပ်လုပ်ချင်စိတ်ကုန်ဆုံးနေပါပြီ။ အလုပ်မှာပျော်တဲ့သူတွေက အလုပ်ကရတဲ့ကောင်းကွက်လေးတွေကိုသာ တွေးတတ်ကြပေမယ့် အလုပ်မှာမပျော်ဘူးဆိုရင်တော့ မကောင်းတာတွေချည်း ရွေးပြီး တွေးနေမိတော့တာပါပဲ။

Linn

SHARE