မှတ်ဥာဏ်မကောင်းခြင်းရဲ့အကျိုးကျေးဇူး(၅)မျိုး

pathdoc/Shutterstock

မှတ်ဥာဏ်မကောင်းပါဘူးဆိုမှ အကျိုးကျေးဇူးရှိသေးသလားလို့ မေးစရာပါ။ တကယ်တော့ မှတ်ဥာဏ်ကောင်းတာပဲဖြစ်ဖြစ်၊ မေ့တတ်တာပဲဖြစ်ဖြစ် သက်ဆိုင်ရာ အားသာချက်လေးတွေတော့ ရှိတတ်တာပါပဲ။ ကိုယ်က မေ့တတ်တဲ့သူ၊ ဥာဏ်မကောင်းတဲ့သူတစ်ယောက် ဆိုရင်လည်း စိတ်ပျက်နေဖို့မလိုပါဘူးနော်။ အဆိုးထဲကအကောင်းကို မရ ရအောင် ရှာကြည့်လိုက်ကြရအောင်…။

(၁)။ ဘာကိုမှ တကူးတကမှတ်နေစရာမလိုတာ

ကိုယ့်ကိုယ်ကိုယ် မှတ်ဥာဏ်မကောင်းဘူးလို့ လက်ခံထားကြသူအများစုက ဘာကိုမှ တကူးတကမှတ်မနေကြပါဘူး။ သူတို့အတွက် အရေးမကြီးဘူး၊ မလိုအပ်ဘူးလို့ထင်ရင် ဘာကိုမှ မှတ်မထားတတ်ကြတာပါ။ (မှတ်ထားရင်လည်း သတိမှ မရကြတာလေ) ။ ဒီတော့ သူတို့စိတ်တွေက တခြားသူတွေထက် ပိုပေါ့ပါးပြီး သူတို့မှတ်ဥာဏ်က ရှင်းလင်းကြည်လင် လို့နေမှာပါ။

David Mzareulyan/Shutterstock

(၂)။ အထိမ်းအမှတ်နေ့တွေအတွက် ပိုက်ဆံကုန်စရာမလိုဘူး

မှတ်ဥာဏ်မကောင်းတဲ့သူတွေက အထိမ်းအမှတ်နေ့တွေဆို မေ့နေတတ်တာများပါတယ်။ ကိုယ့်မွေးနေ့၊ ကိုယ့်သူငယ်ချင်းမွေးနေ့..စတဲ့ ဘယ်လိုအထိမ်းအမှတ်နေ့မျိုးမဆို မေ့နေတတ်သူတွေဖြစ်ကြပြီး အဲဒီလိုနေ့တွေ ကျော်သွားတဲ့အချိန်မှာမှ သိကြရတာမျိုးပါ။ ဒီတော့ မွေးနေ့လက်ဆောင်ပေးတာတို့၊ မွေးနေ့အတွက် လိုက်ကျွေးတာမျိုးတို့လည်း လုပ်ဖို့မလိုဘူး။ အကုန်အကျ သက်သာတာပေါ့။

READ
ပိုက်ဆံချွေတာရေးအနေနဲ့.. အိမ်မှာ အလွယ်တကူ Face Highlighter လုပ်ကြည့်ရအောင် 

(၃)။ ရှေ့မှာဖြစ်လာမယ့်အရာတွေအတွက် အမြဲရင်ခုန်နေရမယ်

အိမ်ကထွက်လာတာနဲ့ “ငါဘာများကျန်ခဲ့လဲမသိဘူး” ဆိုပြီး တွေးပူနေရတာက စပြီး ရှေ့မှာ ဖြစ်လာမယ့် အရာတွေအတွက် အမြဲရင်ခုန်နေကြရတာက မေ့တတ်သူတွေပါ။ တစ်ခုခုဆိုရင် အဆင်မှပြေရဲ့လား၊ ဘာများကျန်ခဲ့သေးလဲ၊ ဘာမေ့ခဲ့တာရှိလဲ..စသဖြင့် အမြဲ စဉ်းစားနေရတတ်ပြီး အဲဒီအတွက် အမြဲရင်ခုန်နေကြရသူတွေပါ။ ဘ၀က စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေသူတွေပေါ့။

pathdoc/Shutterstock

(၄)။ ကိုယ်မခေါ်ချင်မပြောချင်တဲ့သူတွေကို လွယ်လွယ်နဲ့ရှောင်နိုင်မယ်

ကိုယ်က မေ့တတ်သူဆိုတော့ တစ်ခါလောက်တွေ့ဖူးတဲ့သူတွေဆို နောက်တစ်ခါတွေ့လည်း မမှတ်မိနိုင်ဘူးလေ။ ဒီတော့ ကိုယ်မခေါ်ချင်၊ မပြောချင်တဲ့သူတွေ တွေ့ရင်လည်း သတိမရတဲ့ပုံစံ၊ မမှတ်မိတဲ့ ပုံစံနဲ့ လွယ်လွယ်ပဲ ရှောင်သွားလို့ရတယ်။ လမ်းမှာမြင်ရင်တောင် မမှတ်မိသလိုလိုနဲ့ မသိချင်ယောင်ဆောင်သွားတာမျိုးပေါ့။

(၅)။ တစ်ခုခုဆို အကြောင်းပြလို့ရတယ်

“မေ့တတ်တယ်” ဆိုတာ တကယ်ပဲ အကြောင်းပြလို့ကောင်းတယ်နော်။ တစ်ခုခု မလုပ်မိရင် “မေ့သွားလို့” ဆိုတဲ့ ဆင်ခြေကို အေးအေးဆေးဆေးပေးလို့ရပြီး ကိုယ်မလုပ်ချင်လို့ မလုပ်ဖြစ်တဲ့ ကိစ္စတွေကိုတောင်မှ “မေ့နေလို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ မလုပ်ပဲနေလို့ရတယ်။

READ
လရောင်မဲ့သော ရင်ဘတ်များ

တကယ်တော့ မေ့တတ်တာ၊ မှတ်ဥာဏ်မကောင်းတာဟာ တချို့နေရာတွေမှာ စိတ်ပျက်စရာကြီး ဖြစ်နေပေမယ့် နေတတ်ရင်တော့ ကျေနပ်စရာပါနော်…။ ကဲ…ကျေကျေနပ်နပ်ကြီး မေ့နေလိုက်ကြရအောင်….။

pathdoc/Shutterstock

Linn

SHARE