YBS စီးရင်း ရောဂါမကူးမိကြစေဖို့ ဒီအချက်လေးတွေကိုလုပ်ဆောင်ကြမယ်

Shutterstock

Covid-19 က တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး လူတော်တော်များများကို အသက်ဆုံးစေခဲ့တာကို တွေ့နေရတာကြောင့် မြန်မာနိုင်ငံမှာလည်း ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့တော့ လိုမှာ အမှန်ပါ။ အထူးသဖြင့် လူစည်ကားတဲ့နေရာတွေကို မသွားကြပဲ အိမ်ထဲမှာ တတ်နိုင်သလောက်နေတာမျိုး၊ မတတ်နိုင်လို့ အလုပ်သွားနေကြရတယ်ဆိုရင်လည်း လမ်းသွားရင်း ရောဂါပိုးမကူးမိအောင် တတ်နိုင်သလောက် ကြိုးစားကြတာမျိုးတွေ ပြုလုပ်သင့်တာပါ။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ YBS စီးပြီး ခရီးသွားသူတွေအတွက် ရောဂါပိုးတွေ ကူးစက်မခံရအောင် ဘယ်လို လုပ်ဆောင်သင့်သလဲဆိုတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

(၁)။ လက်သန့်ဆေးရည်ဆောင်ပါ

လက်ကို စင်ကြယ်စေဖို့ဆိုရင် ဆပ်ပြာနဲ့ရေဟာ အကောင်းဆုံးဆိုပေမယ့်ကိုယ်သွားတဲ့နေရာတိုင်းမှာတော့ ဆပ်ပြာနဲ့ရေကို ယူသွားဖို့ အဆင်မပြေလောက်ပါဘူး။ ဒီတော့ တစ်ကိုယ်ရည်သုံး လက်သန့်ဆေးရည်တွေကို သယ်ဆောင်သွားတာက အကောင်းဆုံးဖြစ်ပြီး ဘတ်စ်ကားပေါ်တက်ခါနီးအချိန်တွေနဲ့ ဘတ်စ်ကားပေါ်က ပြန်ဆင်းလာချိန်တွေမှာ လက်ကို သန့်စင်တာက အကောင်းဆုံးပါ။

READ
အဆိုးမြင်စိတ်တွေကို ဘယ်လိုမောင်းထုတ်မလဲ
Shutterstock

(၂)။ တစ်ရှူး၊ လက်ကိုင်ပုဝါဆောင်ထားပါ

ဘတ်စ်ကားပေါ်မှာ သင့်အနေနဲ့ချောင်းဆိုးချင်လာပြီဆိုရင် ဒါမှမဟုတ် နှာချေချင်လာပြီဆိုရင် တစ်ရှူးသုံးတာ အကောင်းဆုံးပါ။ ဒီလိုမှမဟုတ်ရင်လည်း သင့်ရဲ့လက်ကိုင်ပုဝါနဲ့ ပါးစပ်၊ နှာခေါင်းတွေကို အုပ်ထားတာက ဘေးလူအတွက် အန္တရာယ်ကင်းပါတယ်။ သင့်ရဲ့အနီးတ၀ိုက်မှာ ချောင်းဆိုး၊ နှာချေနေတဲ့သူတွေရှိရင်လည်း သူတို့ကို သင် ဆောင်လာတဲ့ တစ်ရှူးတွေပေးပြီး ကူညီလို့ရပါတယ်။

(၃)။ နှာခေါင်းစည်းသုံးပါ

နှာခေါင်းစည်း (Mask) တွေသုံးတာကလည်း ရောဂါပိုးတချို့ကို ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ သင့်ဆီကို ရောဂါ အလွယ်တကူ မကူးနိုင်တော့သလို သင့်ဆီမှာ ရောဂါပိုးရှိနေတယ်ဆိုရင်လည်း တခြားသူတွေဆီ လွယ်လွယ်နဲ့ မကူးနိုင်တော့ဘူးပေါ့။

Shutterstock

(၄)။ ချောင်းဆိုးနေသူတွေနဲ့ဝေးဝေးမှာနေပါ

သင့်ရဲ့အနီးအနားမှာ ချောင်းဆိုးနေသူတစ်ယောက်ရှိတယ်ဆိုရင် သူနဲ့ ဝေးဝေးမှာနေဖို့ တတ်နိုင်သမျှ ကြိုးစားတာက အကောင်းဆုံးပါ။ မဟုတ်ရင် သင့်စိတ်ထဲမှာ သူ့ဆီက ရောဂါကူးသွားမလားဆိုတဲ့ အတွေးမျိုး ၀င်နေမိမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သံသယ၀င်နေမိတော့မှာပါ။ အဲဒီလူဆီမှာ တကယ်ပဲ ရောဂါပိုးပါလာခဲ့ရင်လည်း သင့်ကို ကူးစက်နိုင်မှာပဲမို့ ချောင်းဆိုးတဲ့လူတွေနဲ့ ဝေးဝေးမှာနေတာ အကောင်းဆုံးပါ။

READ
တောင်ကိုရီးယား ဆယ်လီတွေ ပြောပြတဲ့ သူတို့ရဲ့ "Diet Plan"

(၅)။ ဖုန်းမသုံးပါနဲ့

ဖုန်းရဲ့မျက်နှာပြင်မှာ ရောဂါပိုးတွေ ကပ်ငြိလွယ်တာကို သင်သိပြီးသားဖြစ်မှာပါ။ ဒီတော့ လူများတဲ့ကားပေါ်မှာ ဖုန်းသုံးဖို့ ကြိုးစားတာဟာ ရောဂါပိုးတွေကို ဖိတ်ခေါ်သလိုဖြစ်နေတာ အသေအချာပါပဲ။ သင့်အတွက် ဘယ်လောက် အရေးကြီးတာပဲဖြစ်ပါစေ ကားပေါ်မှာတော့ တတ်နိုင်သလောက် ဖုန်းမသုံးပဲ နေလိုက်ပါဦး။

(၆)။ ကျန်းမာအောင်နေပါ

တကယ်လို့ သင်က ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေတဲ့သူတစ်ယောက်ဆိုရင် ရောဂါပိုးတွေ လွယ်လွယ်နဲ့ မ၀င်နိုင်တော့ဘူးပေါ့။ အိပ်ရေးဝအောင် အိပ်မယ်၊ အစားကောင်းကောင်းစားမယ်၊ တစ်ကိုယ်ရည်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်မယ်၊ အားရှိအောင်နေမယ်ဆိုရင် ရောဂါပိုးတွေ လွယ်လွယ်နဲ့ ရောက်မလာနိုင်တော့ဘူးလေ။ ဒီတော့ ကျန်းမာအောင်နေဖို့လည်းအရေးကြီးပါတယ်နော်…။

Linn

 

SHARE