ဒီလိုအကျင့်မျိုးတွေပိုင်ဆိုင်ထားတဲ့ တက္ကစီမောင်းသူနဲ့ကြုံခဲ့ရင် သင်စိတ်ချမ်းသာရမယ်

jackmac34/Pixabay

တက္ကစီ စီးဖို့ကြိုးစားရင်း အဆင်မပြေဖြစ်တယ်ဆိုတာက ဒီ နိုင်ငံထဲမှာတော့ သိပ်ပြီးထူးဆန်းတယ်လို့တောင် ပြောလို့မရပါဘူး။ ဈေးတွေပိုတောင်းတာ၊ ကားမောင်းရင်းဒေါသတွေကြီးနေတာ၊ ခရီးသည်ကို မဖွယ်မရာလုပ်ဖို့ကြိုးစားတာ စသဖြင့် တက္ကစီ စီးသူတွေဟာ မတူညီတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် တက္ကစီမောင်းတဲ့သူ အားလုံးတော့ ဒီလိုမျိုး မဟုတ်ကြပါဘူး။ တချို့က တကယ်ကူညီတတ်ပြီး၊ စိတ်ကောင်းရှိကြတယ်။ တချို့ကလည်း စိတ်ရှည်ကြတယ်။

အောက်မှာပါတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ တက္ကစီသမားတွေ တကယ်ရှိကြပြီး အဲဒီလူတွေနဲ့တွေ့ရင်တော့ သင့်ရဲ့ခရီးစဉ်ဟာ ချောချောမောမောနဲ့ သက်သောင့်သက်သာ ရှိမယ့်အပြင် သင် စိတ်ချမ်းသာရမှာ အမှန်ပါပဲ။

(၁)။ သင်စီးနေကြကားခထက်ပိုမတောင်းကြဘူး

သင်က မြေနီကုန်းကနေ ကျောက်မြောင်းကို (၃၀၀၀)နဲ့ စီးနေကျ ဆိုပါတော့။ တခြား တက္ကစီသမားတွေက (၃၅၀၀)၊ (၄၀၀၀) စသဖြင့် အမျိုးမျိုးပြောကြမှာဖြစ်ပေမယ့် သင်စီးနေကြ ကားခထက် ပိုမတောင်းတဲ့ တက္ကစီသမားတွေကိုလည်း တွေ့နိုင်ပါတယ်။ သူတို့က ပုံမှန်ဈေးအတိုင်းပဲ ခရီးသည်ဆီက ယူဖို့ ကြိုးစားကြတယ်။

READ
Single Mom တိုင်းဖတ်ကြည့်သင့်တဲ့ စိတ်ဓာတ်ကြံခိုင်လာစေမယ့် နည်းလမ်းများ
Pexels/Pixabay
(၂)။ စိတ်ရှည်တယ်

မီးပွိုင့်မှာ ကားပိတ်နေတုန်း လမ်းပြောင်းပြန်တွေ ကျော်တက်ဖို့ ကြိုးစားတာ၊ အရှေ့မှာ ရပ်နေတဲ့ကားတွေကို ဟွန်းတွေအသားကုန်တီး၊ ဆဲဆိုနေတာမျိုးတွေလုပ်တာ စသဖြင့် စိတ်တိုနေတဲ့၊ ဒေါသထွက်နေတဲ့ အမူအရာမျိုးတွေကို သင်တွေ့ရမှာမဟုတ်ပါဘူး။ တချို့ တက္ကစီသမားတွေက တကယ်ပဲ စိတ်ရှည်ကြပါတယ်။ “တစ်စီးလောက်” လို့ တောင်းရင်လည်းပေးလိုက်ကြတာပဲ၊ မျဉ်းဝါကွက်တွေမှာ နေရာချန်ရပ်ပေးတာတို့၊ မျဉ်းကြားမှာ လူကူးလို့ရအောင် ရပ်ပေးတာတို့ စတဲ့ လူကြီးလူကောင်းဆန်ဆန် အပြုအမူတွေကိုလည်း လုပ်ကြပါတယ်။

Foundry/Pixabay
(၃)။ မတွက်ကပ်ဘူး

သူတို့က ခရီးသည် သွားချင်တဲ့နေရာ ရောက်တဲ့အထိ မညီးညူပဲ ပို့ပေးတတ်ကြတယ်။ “ကားငှားတုန်းက ဒီနေရာအထိပဲ ပြောထားတာ” တို့၊ “လမ်းထိပ်မှာပဲ ဆင်းလိုက်လို့ရလား” တို့ ကို သူတို့ လုပ်ကြမှာမဟုတ်သလို သင်သွားချင်တဲ့နေရာအထိ သေသေချာချာ ပို့ပေးကြပါတယ်။

READ
နွေးထွေးပြီး သက်တောင့်သက်တာရှိလှတဲ့ အာတိတ်စက်ဝိုင်းထဲက မိသားစုဘ၀လေး
(၄)။ သင်အဆင်ပြေဖို့ကြိုးစားပေးတယ်

သင့်ဆီမှာ ပစ္စည်းတွေအများကြီးပါလာရင် ဒီအတိုင်းကြည့်မနေပဲ သူတို့က ကူသယ်ပေးတယ်၊ ပြန်ဆင်းတဲ့အချိန်မှာလည်း သင့်ရဲ့ပစ္စည်းတွေ မေ့မကျန်ခဲ့အောင် ဂရုစိုက်ဖို့ သတိပေးတယ်။ တကယ်လို့ သူတို့ကားပေါ်မှာ တစ်ခုခုမေ့ကျန်ခဲ့ရင်လည်း တတ်နိုင်သလောက် ဆက်သွယ်ပေးတာမျိုး၊ ဒါမှမဟုတ် အဲဒီနေရာမှာ စောင့်နေပေးတာမျိုးတွေ လုပ်ပေးတယ်။

CarlosAlcazar /Pixabay
(၅)။ လူအပိုမတင်ဘူး

တချို့ တက္ကစီသမားတွေက လူအပိုတင်တတ်ကြတယ်။ လမ်းကြုံတင်လို့ရမလား ဆိုပြီး လမ်းမှာတွေ့တဲ့သူတွေကို ရပ်ပြီးမေးတာမျိုး မကြာခဏလုပ်တာက စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် တချို့ကျတော့လည်း သင် ကားပေါ်တက်လိုက်တာနဲ့ တပြိုင်နက်တည်း လူအပိုတင်ဖို့ စိတ်မကူးကြတော့ပဲ သင်သွားချင်တဲ့နေရာအထိရောက်အောင် ပို့ပေးတတ်ကြတာပါ။ သူတို့စိတ်ထဲမှာ သင့်အနေနဲ့ သီးသန့်စီးချင်လို့သာ တက္ကစီငှားစီးတာလို့ တွေးတတ်ကြပြီး လူအပိုတင်ဖို့ သူတို့ကိုယ်တိုင် ငြင်းဆိုတတ်ကြပါတယ်။

Linn

SHARE