သင့်ကြောင့်တစ်ဖက်သား စိတ်အနှောင့်အယှက်မဖြစ်ဖို့ ဒီအပြုအမူလေးတွေကို ရှောင်ကြမယ်

Aaron Amat/Shutterstock

ကိုယ်ကတော့ မရည်ရွယ်ပဲ လုပ်လိုက်ပေမယ့် တစ်ဖက်လူက ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတာမျိုး ကြုံဖူးလား။ ကြာလာတော့ သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးတောင် အဲဒီလို အပြုအမူလေးတွေကြောင့် ပျက်စီးသွားတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ တချို့အပြုအမူလေးတွေက သေးသေးလေးတွေဆိုပေမယ့် တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့တော့ လုံလောက်တယ်လို့တောင် ပြောရမလားပဲ…။ အဲဒါတွေက….

(၁)။ ဖုန်းမကိုင်မချင်း ခေါ်နေတတ်တာ

တချို့တွေ ကြုံဖူးပါလိမ့်မယ်။ ဖုန်းကို မခေါ်မချင်းခေါ်နေတတ်တဲ့သူမျိုး။ ကိုယ်အစည်းအဝေးခန်းထဲရောက်နေတာမျိုးဖြစ်ဖြစ်၊ အရေးကြီးတာ တစ်ခုခု လုပ်နေရလို့ဖြစ်ဖြစ် ဖုန်းမကိုင်နိုင်တဲ့အခါ နားလည်မပေးနိုင်ပဲ မကိုင်မချင်းဖုန်းခေါ်နေတာမျိုးက တကယ့်ကိုစိတ်ပျက်စရာပါ။ သေရေးရှင်ရေးကိစ္စမျိုးကလွဲပြီး တခြားသူရဲ့ဖုန်းကို (၂)ခါထက်ပိုပြီး မခေါ်သင့်ပါဘူး။ (၂)ခါခေါ်လို့မှ မကိုင်ရင် ကိုယ့်ကိုပြန်ခေါ်ပေးဖို့ မက်ဆေ့ခ်ျပို့ထားပြီး သူပြန်ခေါ်မယ့်အချိန်ကို စောင့်နေတာမျိုးက ပိုလို့ သင့်တော်ပါတယ်။

Dean Drobot/Shutterstock
(၂)။ စားချင်တာစား ဆိုတိုင်း ဈေးအကြီးဆုံးကို မှာတတ်တာ

ကိုယ်က ပိုက်ဆံလေးတွေပေါနေလို့ သူငယ်ချင်းတစ်ယောက်ကို တစ်ခုခုကျွေးဖို့အတွက် ခေါ်လာပါလေရော။ အဲဒီနောက် ဆိုင်လည်းရောက်ရော “ကဲ..စားချင်တာစားကွာ” လို့ပြောလိုက်တဲ့နောက် ဈေးအကြီးဆုံးကိုပဲ လိုက်ရှာပြီးမှာတဲ့ သူငယ်ချင်းမျိုးရော ရှိဖူးလား။ တကယ်ဆို ကိုယ့်ကိုစေတနာရှိလို့၊ ခင်လို့ကျွေးတာပဲ၊ ကျွေးတဲ့သူမျက်နှာလည်းကြည့်သင့်တယ်လေ။ အဲဒီလို ဈေးအကြီးဆုံးတွေရွေးပြီး မှာစားတော့ ကိုယ့်ကိုလိုက်ပြီးကျွေးတဲ့သူ စိတ်ပျက်စရာဖြစ်တာပေါ့…။

READ
သေသွားတဲ့နှစ်ချို့သစ်ပင်ကြီးကို ရှင်းပစ်ရမယ့်အစား စာကြည့်တိုက်ငယ်လေးတစ်ခု ဖန်တီးခဲ့သူ
Roberts Photography/Shutterstock
(၃)။ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေကို အများကြီးမေးတတ်တာ

ကိုယ်နဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးမေးခွန်းတွေ တစ်ဖက်သားကို အဆက်မပြတ်မေးနေတတ်တာကလည်း စိတ်ပျက်စရာအကျင့်တစ်မျိုးပါတဲ့။ “အိမ်ထောင်နဲ့ကွဲသွားတာဘယ်လောက်ကြာပြီလဲ” “မိဘတွေဆုံးတော့အမွေဘယ်လောက်ရခဲ့သလဲ” စသဖြင့် တချို့ မမေးသင့်တဲ့မေးခွန်းတွေက တစ်ဖက်သားအတွက် စိတ်ရှုပ်စရာဖြစ်တတ်လို့ ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်းတွေကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

(၄)။ စကားပြောနေတုန်း ဖြတ်ပြီးပြောတာ

တစ်ဖက်လူက စကားပြောနေတာ ဆုံးအောင်မစောင့်ပဲ ကြားထဲကနေ ၀င်ပြီး ဖြတ်ပြောတဲ့ အပြုအမူကလည်း တကယ့်ကို စိတ်ပျက်စရာပါပဲ။ တစ်ခါတစ်လေဆို ကိစ္စမရှိပေမယ့် အဲလိုအပြုအမူမျိုး မကြာခဏ လုပ်နေတယ်ဆိုရင်တော့ သင်ဟာ တခြားသူတွေရဲ့ စကားဝိုင်းမှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်ခံရမှာမဟုတ်တော့ပါဘူး။

(၅)။ တစ်ဖက်သားရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာ

အတော်လေးကြာမှ ပြန်ပြီးတွေ့ရတဲ့ မိတ်ဆွေကို “ပိန်သွားလိုက်တာ” “၀လာလိုက်တာ” စသဖြင့် ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေကို ပေးခြင်းကလည်း သင့်ကို စိတ်ပျက်စရာလူတစ်ယောက်လို့ ထင်သွားစေမှာပါ။ တချို့တွေက သူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာကို မကြိုက်ကြပါဘူး။ အဲဒါက သူတို့ကို ရင်းနှီးကြောင်းပြရာမရောက်ပဲ စော်ကားသလိုဖြစ်သွားတတ်လို့ အဲလိုအကျင့်မျိုးကို ရှောင်ရှားသင့်ပါတယ်။

READ
တကယ်ချမ်းသာချင်ရင် မဖြစ်မနေလုပ်ရမယ့် အရာ(၅)ခု
Pressmaster/Shutterstock
(၆)။ စကားပြောနေတဲ့အချိန် ဖုန်းကြည့်နေတာ

တခြားသူက အားပါးတရ စကားပြောနေချိန်မှာ ကိုယ်က သူ့ကိုမကြည့်ပဲ ဖုန်းကို တကြည့်ကြည့်လုပ်နေတာမျိုးကလည်း စိတ်ပျက်ဖို့ကောင်းတဲ့အပြုအမူပါနော်။ ကိုယ့်ဆီမှာ အရေးကြီးကိစ္စရှိတယ်ဆိုလည်း သူပြောတဲ့စကားကို နားမထောင်သေးပဲ အချိန်ခဏလောက်ယူပြီး ထွက်သွားလို့ရပါတယ်။ အဲဒီလို တစ်ဖက်သားက စကားပြောနေချိန်မှာ ဖုန်းကိုတကြည့်ကြည့်လုပ်နေတာကြီးက တကယ်ပဲ စိတ်ပျက်စရာပါ။

(၇)။ တခြားသူရဲ့ စိတ်ခံစားမှုကို အလေးမထားတာ

တခြားသူက ခွေးကိုက်ခံထားရတဲ့အချိန်မှာ ကိုယ်က ခွေးကိုဘယ်လိုချစ်ကြောင်း၊ ခွေးလေးတွေ ဘယ်လိုလိမ္မာကြောင်းပြောနေတာမျိုးကလည်း အဆင်မပြေလှပါဘူး။ တခြားသူ ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုခံစားနေရလဲဆိုတာ ဂရုမစိုက်ပဲ ကိုယ်ပြောချင်တာတွေချည်း စွတ်ပြောနေတာမျိုးက သင့်ကို အပေါင်းအသင်းတွေ စိတ်ကုန်သွားစေနိုင်တဲ့ လုပ်ရပ်တွေထဲက တစ်ခုပေါ့။

Linn

SHARE