နိုင်ငံခြားသားတွေအဖို့ နားလည်ရန်ခက်ခဲတဲ့ ဂျပန်တို့ရဲ့လူနေမှုဘဝ

unsplash/Tianshu Liu

ဂျပန်လူမျိုးတွေဟာ ထူးဆန်းတဲ့လူမျိုးတွေလို့ ဆိုကြပါတယ်။ တကယ်လို့ စာဖတ်သူက သူတို့ဆီအလည်သွားမယ်ဆိုရင် သူတို့ဒေသအလိုက် သိထားသင့်တဲ့ အပြူအမူလေးတွေ ရှိပါတယ်။ ဥပမာ သူများအိမ်ကို ဧည့်သည်အနေနဲ့ သွားလည်ဖို့ မလုပ်ရတာ၊ အပြင်က အမှိုက်ကို အိမ်ယူလာပြီး အိမ်မှာပဲ ပစ်ရတာ၊ လူမြင်ကွင်းမှာ တရွှီးရွှီးနဲ့ နှပ်မညှစ်ရတာမျိုးတွေပါ။ အောက်ဘက်မှာတော့ brightside ကနေတဆင့် တွေ့မြင်ရတဲ့ ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်လူနေမှုဘ၀အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဂျပန်အမျိုးသမီးတွေဟာ ဆံပင်ဆေးမဆိုးကြပါဘူး

လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းကတော့ ကမ္ဘာအရပ်ရပ်က တခြားမိန်းကလေးတွေလိုပဲ ဂျပန်မိန်းကလေးတွေဟာ သူမတို့ရဲ့ဆံပင်ကို အရောင်အမျိုးမျိုးဆိုးကြပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဂျပန်မှာ သဘာဝဆံပင်အနက်ရောင်တွေက ခေတ်စားနေပါတယ်။ ကျောင်းနဲ့ ကောလိပ်ကျောင်းတွေမှာဆိုရင် ကျောင်းသားကျောင်းသူတွေက သဘာဝဆံပင်တွေကိုပဲ ထားကြပါတယ်။ တကယ်လို့ ဆံပင်က အနက်ရောင်မဟုတ်ခဲ့ရင် မွေးရာပါဆံပင်အရောင်က ဒီအရောင်ပါပဲဆိုတာ ကလေးဘ၀တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ သက်သေပြရပါတယ်။ အရောင်ကြောင်ကြောင်ကျားကျားနဲ့ ဆံပင်ဆိုးဆေးတွေကိုတော့ ဂျပန်မှာ anime ပရိသတ်တွေနဲ့ cosplayer တွေပဲ ပြုလုပ်ကြပါတယ်။

READ
လကုန်ခါနီးလေလေ မပြောသင့်လေလေဖြစ်တဲ့ စကား(၅)ခွန်း
unsplash/Bao Truong

သူငယ်ချင်းတွေကို အိမ်လည်ခေါ်လေ့မရှိပါဘူး

အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုတောင်မှ ဂျပန်တွေဟာ ၄င်းတို့အိမ်ကို အလည်ခေါ်ခဲပါတယ်။ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ဆုံကြတဲ့အခါ အပြင်မှာပဲ ဆုံကြတာများပြီး သာမန်ကာလျှံကာ အကြောင်းပြချက်လေးတစ်ခုနဲ့ သူများအိမ်သွားလည်လေ့ မရှိပါဘူး။

လမ်းလျှောက်ရင်း အစားအသောက် မစားပါဘူး

ဂျပန်လူမျိုးတွေဟာ အစားအသောက်ကို တန်ဖိုးထားသလို ကိုးလည်းကိုးကွယ်ပါတယ်။ ဂျပန်လူမျိုးတွေမှာ လမ်းလျှောက်ရင်းနဲ့ အစာစားလေ့စားထ မရှိပါဘူး။ အများပိုင်ယာဉ်ရထားတွေထဲမှာလည်း  တကယ်လို့ တစ်ယောက်ယောက် အစာစားနေတာမြင်ရင် ဂျပန်တွေက မျက်မှောင်ကြုံ့ကြပါတယ်။ ဒါပေမယ့် ငွေအကြွေစေ့ထည့်ပြီး အအေးသောက်ရတဲ့ စက်တွေနားမှာတော့ မတ်တပ်ရပ်ပြီး အအေးဘူးသောက်လို့ရသလို ခရီးရှည်ကြီးစီးရတဲ့ ရထားတွေပေါ်မှာတော့ အစာစားခွင့်ပြုထားပါတယ်။

unsplash/@janicetea

သတ်သတ်လွတ်သမားလုပ်ဖို့ မလွယ်ပါဘူး

ဂျပန်နိုင်ငံမှာချက်ပြုတ်ရောင်းချတဲ့ အစားအသောက်တိုင်းလိုလိုမှာ အသားပါဝင်ပါတယ်။ ဥပမာ ပုံမှန် ခေါက်ဆွဲရိုးရိုးတောင်မှ အသားပြုတ်ရည်အိုးထဲ သူတို့က ထည့်ပြုတ်ကြတာပါ။ ဒါကြောင့် သာမန်ကြည့်လိုက်ရင် အသီးအရွက်တွေနဲ့ အသားလွတ်လို့ ထင်ရပေမယ့်လည်း တကယ်တမ်းတော့ အသားနဲ့ကင်းပြီး ချက်ပြုတ်ထားတာ သိပ်မရှိလှပါဘူး။

READ
မွေ့ယာအသစ်ဝယ်သင့်ပြီဖြစ်ကြောင်း သင့်ကိုဖော်ပြနေတဲ့ လက္ခဏာများ

တစ်ယောက်အလုပ်ကို တစ်ယောက်ကူလို့မရပါဘူး

ဂျပန်နိုင်ငံမှာ တစ်ယောက်ရဲ့အလုပ်ကို တစ်ယောက်ဟာ ကူညီပေးလို့မရပါဘူး။ ဥပမာ သန့်ရှင်းရေးဝန်ထမ်းကို ကူညီတဲ့အနေနဲ့ အမှိုက်ထုတ်ပစ်ပေးတာ၊ စာပို့သမားကို ကူညီပေးတာ စတာတွေကို ဂျပန်တွေက ကူညီတယ်လို့ မသတ်မှတ်ပါဘူး။ သူတို့ရဲ့အလုပ်ကို လုယူတယ်၊ အနှောင့်အယှက်ပေးတဲ့ အပြုအမူလို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE