တောကြောင်ရိုင်းနဲ့ အိမ်မွေးကြောင်တို့ကြားက ခွဲမရတဲ့ (၁၂) နှစ်ကြာ သံယောဇဉ်

လင်ဒါအမည်ရတဲ့ တောကြောင်ရိုင်းတစ်ကောင်ကို ဇွန်လ(၂၀၀၇) ခုနှစ်က လီနင်ဂရက်ဒ်တိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ လင်ဒါရှိတဲ့ လှောင်အိမ်ထဲကို တိရစ္ဆာန်ရုံဝန်ထမ်းတွေက ဒက်စ်ရာအမည်ရတဲ့ ကြောင်မလေးတစ်ကောင်ကို ထည့်ထားပေးခဲ့ပါတယ်။ ထိုအချိန်ထဲကစပြီး လက်ရှိအချိန်ထိ လင်ဒါနဲ့ ဒက်စ်ရာဟာ လှောင်အိမ်တစ်ခုထဲမှာပဲ အတူနေထိုင် ကြီးပြင်းလာခဲ့ကြတာ (၁၂) နှစ်ကြာ ရှိနေပါပြီ။

© Leningrad Zoo
© Leningrad Zoo

လင်ဒါ(၂) လသားအရွယ်မှာ ရုံဝန်ထမ်းတွေဟာ သူမနဲ့ရွယ်တူ ဒက်စ်ရာကို လှောင်အိမ်ထဲ ထည့်ထားပေးခဲ့ပါတယ်။ ငယ်သေးတာကြောင့် နှစ်ကောင်စလုံးဟာ အရွယ်တူ ဆိုက်ဒ်တူရှိကြပြီး တစ်ကောင်နဲ့တစ်ကောင်လည်း အရမ်းစိတ်ဝင်စားခဲ့ကြပါတယ်။ အစပိုင်းတော့ ဒက်စ်ရာကို လင်ဒါနဲ့ အချိန်အတိုင်းအတာတစ်ခုထိပဲ တူတူထားပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မခွဲဖြစ်ခဲ့တော့တာပါ။

© Leningrad Zoo
© Leningrad Zoo

တိရစ္ဆာန်ရုံအနေနဲ့ တောကြောင်ရိုင်းကို အိမ်မွေးကြောင်နဲ့ အတူထားရတဲ့ ရည်ရွယ်ချက်ကတော့ တိရစ္ဆာန်ရုံလာ ဧည့်သည်တွေအနေနဲ့ မတူညီတဲ့ ကြောင်မျိုးစိတ်နှစ်ခုကို လေ့လာနိုင်အောင်လို့ပဲ ဖြစ်ပါတယ်။ လင်ဒါနဲ့ ဒက်စ်ရာတို့ဟာ သာမန်ကြောင်တွေလိုပဲ အချင်းချင်း ဆက်သွယ်မှုပြုကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ပွတ်သပ်ပြီး ဆော့ကစားလေ့ရှိတဲ့အပြင် တစ်ကောင်ရဲ့ ကိုယ်ကို တစ်ကောင်က လျာနဲ့ယက်ပြီး သန့်စင်ပေးတဲ့အထိ ချစ်ကြပါတယ်။

READ
လမ်းဘေးခွေးတွေကို သားသမီးတွေလို သဘောထားတဲ့ ဂရုဏာကြီးသူအမျိုးသမီး
© Leningrad Zoo
© Leningrad Zoo

အသက်ရလာတဲ့အခါမှာတော့ လင်ဒါဟာ ထွားကျိုင်းတဲ့ တောကြောင်ကြီးတစ်ကောင်ဖြစ်လာပြီး ဒက်စ်ရာကတော့ အိမ်မွေးကြောင် ဖြစ်လာတာမို့ ခပ်သေးသေးလေးပါပဲ။ ဒါပေမယ့် နှစ်ကောင်စလုံးက တက်ကြွပြီး ရုံဝန်ထမ်းတွေယူလာတဲ့ အရုပ်တွေနဲ့ ကစားရတာကိုလည်း နှစ်ခြိုက်ပါတယ်။ သူတို့က သေတ္တာခွံအလွတ်တွေကိုလည်း ကြိုက်ပါတယ်။ လင်ဒါဆိုရင်လည်း အိမ်မွေးကြောင်တွေလိုပဲ သေတ္တာထဲ တိုးဝှေ့ပြီး အိပ်ရတာကို သိပ်သဘောကျပါတယ်။

© Leningrad Zoo
© Leningrad Zoo

နှစ်ကောင်စလုံးဟာ ကစားတဲ့အချိန်တင် တည့်တာမဟုတ်ပဲ အစာစားတဲ့အချိန်မှာလည်း နှစ်ကောင်တည့်ပါတယ်။ လင်ဒါကတော့ အမဲသား၊ ယုန်သားနဲ့ ကြက်သားတွေကို ကြိုက်ပြီး ဒက်စ်ရာကတော့ နုတ်နုတ်စင်းထားတဲ့ ငါးတွေကို ကြိုက်ပါတယ်။ နှစ်ကောင်သား ဆက်ဆံရေးမှာတော့ ဒက်စ်ရာဟာ အမြဲတမ်းဦးဆောင်သူ ဆရာမကြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရုံဝန်ထမ်းတွေရဲ့ ပြောဆိုပုံအရတော့ ဒက်စ်ရာဟာ အိမ်မွေးတိရစ္ဆာန်ကြောင်တစ်ကောင်ဖြစ်ပေမယ့် လူအနားအကပ်ခံပဲ တော်တော်လေးရိုင်းတယ်လို့လည်း ဆိုပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

READ
ငါးမျှားရင်း ရေထဲက တွေ့တဲ့ ပိုက်ဆံအိတ်တစ်လုံးကြောင့် အံ့သြစရာ ကြုံခဲ့ရတဲ့အဖြစ်
SHARE