ရထားပေါ်က ဂျပန်ကောင်လေးတစ်ဦးရဲ့ စိတ်ဝင်စားဖွယ် နင်ဂျာ animation လေး

twitter/fuki_fuki

ယနေ့ခေတ်မှာတော့ ကလေးငယ်တွေဟာ iPad တွေ စမတ်ဖုန်းတွေနဲ့ပဲ အချိန်ကုန်ကြပါတယ်။ ဖုန်းတွေ တက်ဘလက်တွေရဲ့ မှန်သားပြင်မှာ မျက်လုံးကို ကော်နဲ့ကပ်ထားသလို မခွာတမ်း ကြည့်တတ်ပါတယ်။ ခုလို ကလေးငယ်တွေကြား ဖုန်းတွေ ခေတ်စားနေတဲ့အထဲ ဂျပန်နိုင်ငံက ကောင်လေးတစ်ယောက်ဆီမှာတော့ လက်တွေ့ဘ၀ထဲမှာ အမှန်တကယ် သက်ဝင်လှူပ်ရှားနိုင်တဲ့ နင်ဂျာလေးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။

twitter/fuki_fuki

အောက်က ဗီဒီယိုလေးကို @fuki_fuki အမည်ရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက တင်ထားတာပါ။ ဗီဒီယိုလေးထဲမှာတော့ ပြတင်းပေါက်ကိုမျက်နှာမူပြီး ကောင်လေးတစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ကောင်လေးရဲ့ လက်ထဲမှာတော့ ထွင်းဖောက်မြင်ရတဲ့ စက္ကူချပ်တစ်ချပ်ကို ကိုင်ထားပါတယ်။

စက္ကူချပ်အပေါ်မှာတော့ နင်ဂျာရုပ်လေးတစ်ရုပ်ကို ကပ်ထားပါတယ်။ ကောင်လေးဟာ နင်ဂျာရုပ်ပါစာရွက်ကို ရထားမှန်နဲ့ ကပ်ပြီး နင်ဂျာလေးကို ပြေးခိုင်းနေခဲ့တာပါ။ မသိရင် စမတ်ဖုန်းထဲက ဂိမ်းဆော့နေသလို ကောင်လေးဟာ နင်ဂျာလေးကို အတားအဆီးတွေက လွတ်အောင် ခုန်ကျော်ပြီး သွားခိုင်းခဲ့တာ ဖြစ်ပါတယ်။

twitter/fuki_fuki

ဒီလိုအိုင်ဒီယာလေးရဲ့ နောက်ကွယ်ကတော့ @fuki_fuki ပဲ ဖြစ်ပါတယ်။ အကောင့်ပိုင်ရှင်ဟာ လက်ဖြစ်အရုပ်ကလေးတွေ လုပ်တတ်ပါတယ်။ သူတီထွင်ထားခဲ့တဲ့ အပေါ်က နင်ဂျာလေးကတော့ တကယ်ကို ချစ်စရာကောင်းသလို ကလေးတွေလည်း အကြိုက်တွေ့စေမယ့် interactive ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။

 

နင်ဂျာလေးကို လမ်းမှာ တွေ့ရတဲ့ အတားအဆီးတွေ ကျော်လွှားစေဖို့ ဂိမ်းကစားသူဟာ အချိန်ကိုက် လှူပ်ရှားမှူနဲ့ မြင်ကွင်းအနေအထားတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဂိမ်းလေးဟာ ကလေးရဲ့ စိတ်ကူးစိတ်သန်းကို တိုးတက်စေဖို့ အထောက်အကူပြုမှာဖြစ်တဲ့အပြင် ခရီးစဉ်တစ်လျှောက်လုံးမှာလည်း ကလေးဟာ မပျင်းမရိပဲ ဆော့နိုင်လိမ့်မယ်လို့ soranews24 အရ သိရပါတယ်။

twitter/fuki_fuki

ချစ်စရာကောင်းတဲ့ ကောင်လေးနဲ့ နင်ဂျာရုပ်လေးရဲ့ ဗီဒီယိုက ကမ္ဘာတစ်လွှားက လူတွေက အရမ်းနှစ်သက်နေကြပါတယ်။ လူအချို့ကတော့ သူတို့အနေနဲ့ ကလေးဘ၀တုန်းက ဒီလိုမျိုးအရုပ်လေးတွေ လုပ်ကြည့်ဖို့ စိတ်ကူးပေါက်ခဲ့ပေမယ့် လက်တွေ့မှာ အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့လည်း ရင်ဖွင့်ခဲ့ကြပါတယ်။ ကလေးကို ဖုန်းမသုံးစေချင်တဲ့ မိဘတွေအတွက်တော့ ဒီဂိမ်းလေးဟာ အပြင်လောကနဲ့ ဆက်ပြီး ကစားနိုင်တဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းလေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လင်းလင်း (ShweMom)

SHARE