သခင်မိသားစုဝင် (၄)ဦးကို မြွေဟောက်ရဲ့ရန်ကနေ အကြိမ်ကြိမ် ကယ်တင်ခဲ့တဲ့ ကြောင်လေး

Twitter/EnggranEko

ခွေးတွေကြောင်တွေ မွေးထားခြင်းက တကယ် စိတ်နှစ်ဝါသနာပါသူတွေအတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာမဟုတ်ပါဘူး။ ခွေးတွေကြောင်တွေဟာ သခင်မိသားစုတွေရဲ့ စိတ်ကို ပျော်ရွှင်စေရုံသာမက၊ လိုအပ်ပါက ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဝန်လေးသူများ မဟုတ်ကြပါဘူး။ အခုလည်း ကြောင်လေးတစ်ကောင်က မိသားစုတစ်စုကို ကယ်တင်လိုက်ကြောင်း အင်ဒိုနီးရှား သတင်းဌာန detik က ဖော်ပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ အင်ဒိုနီးရှားနိုင်ငံ၊ Mojokerto မှာ ဒီဇင်ဘာလ(၂၄)ရက်နေ့က ဖြစ်ပျက်ခဲ့တာပါ။ မိသားစုကတော့ တောင်သူလယ်သမား မိသားစုဖြစ်ပြီး၊ သူတို့မွေးထားတဲ့ ကြောင်ကလေးက မိသားစုဝင်တွေကို မြေဆိုး(၃)ကောင်ရဲ့ရန်က ကယ်တင်ခဲ့တယ်လို့ အိမ်ထောင်ဦးစီးဖြစ်သူက ပြောပါတယ်။

Twitter/EnggranEko

သူတို့ရဲ့အိမ်ဟာ လယ်စိုက်ခင်းတွေနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး၊ ကြားထဲမှာ ဆည်မြောင်းရေလွှတ်မြောင်းနဲ့ လမ်းသွယ်လေးတစ်ခုက ပိုင်းခြားထားပါတယ်။ လယ်စိုက်ခင်းတွေနဲ့ အလွန်နီးတဲ့အတွက် သူတို့အိမ်ဟာ တစ်ခါတလေမှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်စိမ်းတွေကို မဖြစ်မနေ လက်ခံနေရတဲ့ သဘောပါ။

အိမ်ပိုင်ရှင်ရဲ့အမည်ကတော့ Widarti ဖြစ်ပြီး၊ လက်ရှိအချိန်ထိ မြွေဟောက်အပေါက် (၃)ကောင် သူတို့အိမ်ထဲ ဝင်ခဲ့ပြီးပြီလို့ ပြောပါတယ်။ ဒီမြွေတွေကို ကြောင်ကလေး Si Putih ကပဲ ဟန့်တားခဲ့တာဖြစ်ပြီး၊ ကြောင်ကလေးဟာ မြွေနှစ်ကောင်ကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့သလို၊ အခြားတစ်ကောင်ကတော့ ဆင်ဝင်ဖောင်ဒေးရှင်းအောက်ကို လျှောဝင်သွားတယ်လို့ သိရပါတယ်။

Si Putih ဟာ အသက်အားဖြင့် (၆)လသာ ရှိသေးပေမယ့် ဒီကာလအတောအတွင်းမှာ အိမ်ရှင်ရဲ့ဇနီးနဲ့ ကလေးနှစ်ယောက်ကို ဘေးအန္တရာယ်ဆိုးတွေကနေ ကယ်ဆယ်နိုင်ခဲ့တာပါ။ အိမ်ရှင် Widarti က “ ပြောရရင် ကလေးတွေက သဘောကျတော့ ကျွန်တော်လည်း မွေးထားဖို့ ဆုံးဖြတ်ခဲ့တာပါ … ဘုရားကယ်လို့ အကျိုးကျေးဇူးတွေလည်း အများကြီး ရပါတယ် …. မြွေဆိုးတွေက ကြောင်ရှိနေတော့ မဝင်သာဘူးလေ … ”လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို

SHARE