ကြီးပြင်းခဲ့ရတဲ့ မွေးရပ်ဒေသကိုမမေ့တဲ့ နှလုံးသားလှတဲ့ကစားသမား (သို့) မိုဟာမက်ဆာလာ

လီဗာပူးအသင်းကိုရောက်ရောက်ချင်းမှာပဲ အထိုင်ကျပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားဘဝကို ရောက်ခဲ့တဲ့ မိုဟာမက် ဆာလာက မိမိလာခဲ့ရတဲ့ဘဝကို မေ့ပျောက်ပစ်မှာ မဟုတ်ကြောင်း ဆိုပါတယ်။ အသက်(၂၅)နှစ်အရွယ် ဆာလာဟာ လီဗာပူးအသင်းကို ယခုနှစ် ဘောလုံးရာသီအစမှာစတင်ရောက်ရှိခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်မှာ (၁၄)ဂိုး သွင်းယူပေးထားပါတယ်။

သူဟာ အီဂျစ်လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပြီး ချယ်လ်ဆီး၊ ဖီအိုရင်တီးနာ၊ ရိုးမား အစရှိတဲ့ နာမည်ကြီးအသင်းကြီးတွေမှာ ကစားခဲ့ဖူးသူပါ။ တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သူဖြစ်ပြီး လျင်မြန်လှတဲ့ပြေးအားက သူ့ရဲ့ အားအသာဆုံးအချက်လို့ဆိုနိုင်သလို၊ ကန်ချက်ပြင်းပြင်းနဲ့ဂိုးတွေသွင်းယူနိုင်သူလည်းဖြစ်ပါတယ်။

ဆာလာဟာ အီဂျစ်နိုင်ငံ Nagrig, Gharbia ဇာတိဖွားဖြစ်ပြီး သူ့ရဲ့အကြောင်းကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ ဆာလာဟာ အီဂျစ်ရဲ့ မထင်မရှားရွာငယ်လေးကပါ … ကိုင်ရိုမြို့နဲ့ အလက်ဇန္ဒရီယာမြို့ချင်း ဆက်သွယ်ထားတဲ့ အမြန်လမ်းမကြီးဆီကိုရောက်ဖို့ ထရပ်ကားနဲ့ အတော်လေးသွားရပါတယ် … အလွန်ညစ်ပတ်ပြီး ဖုန်မှုန့်တွေနဲ့ လေပြင်းတွေဟာ အမြဲတမ်း ဥဒဟိုတိုက်ခက်နေပြီး ဒီအနံဆိုးနဲ့ ပေါင်းစပ်ထားတဲ့ စံပယ်ပန်းလေးတွေရဲ့အနံ့ဟာ ရွာရဲ့ အထိမ်းအမှတ်ပါဘဲ။

READ
မရောင်းရတဲ့သီးနှံတွေ ဖျက်ဆီးရယ့် လယ်သမားတွေကို မထင်ထားတဲ့နည်းနဲ့ ကူညီခဲ့သူ

အဲဒီရွာကလေးမှာ အားအားရှိ ဘောလုံးကစားချင်တဲ့ကလေးတွေ ရှိတယ်။ ဆာလာကလည်း ထိုကလေးတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ထိုစဉ်က Nagrig ဒေသဟာ လူမှုရေးစီးပွားရေးတွေ ကျဆင်းနေချိန်ဖြစ်ပေမယ့် ဒေသခံတွေက ဖော်ရွေချစ်ခင်တတ်သူတွေမို့ နေရတာပျော်စရာပါ။ ကျွန်တော်တို့ ဘောလုံးကစားတော့ ကိုယ်တစ်စွန်းတစ သိထားတဲ့ ဘောလုံးဆရာကြီးတွေဖြစ်တဲ့ ရိုနယ်လ်ဒို(ဒိုကြီး)၊ ဇီဒန်း၊ တော့တီတို့ဟာ စံပြသူရဲကောင်းတွေဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုလည်း ဒီလိုထင်မှတ်ခဲ့ပါတယ်လို့ ဆာလာကဆိုပါတယ်။

ဆာလာဟာ အခုအခါမှာ မိမိရဲ့ကျေးရွာနဲ့ မြိုနယ်ဆီကို အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်မြင့်မားရေး စတဲ့ ပရဟိတလုပ်ငန်းတွေ တက်နိုင်သမျှဆောင်ရွက်ပေးနေပြီး၊ လူအများ စုဝေးအပန်းဖြေရာနေရာတစ်ခုမှာ ဆာလာရဲ့ နာမည်နဲ့ အားကစားခန်းမတစ်ခုကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။

ငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့ စုံတွဲတွေကိုလည်း လက်ထပ်နိုင်အောင် ငွေကြေးကူညီပေးပြီး၊ ဒေသတွင်းမှာ ပရဟိတလုပ်ငန်းတွေ ပေါ်ပေါက်လာအောင်ကိုလည်း ဦးစီးဦးရွက်ပြုနေပါတယ်။ ဒီအချက်တွေကို ထောက်ဆခြင်းအားဖြင့် မိုဟာမက်ဆာလာဟာ သူ့ဘဝ ဘယ်အခြေအနေကိုရောက်ရောက် ဘယ်တော့မှမမေ့ဘူးဆိုတာ လုပ်ရပ်တွေက သက်သေနေတာပဲ ဖြစ်ပါတော့တယ်။

နတ်စည်တော် (Shwemom)

source : dailymail.co.uk

SHARE