ကော်ဖီလျှော့သောက်ဖို့ လိုနေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာများ

pexels/Dominika Roseclay

အမေရိကန်လူမျိုး (၅၀) ရာခိုင်နှုန်းခန့်ဟာ ကော်ဖီသောက်ကြပါတယ်။ အကြမ်းဖျင်းဆိုရရင် လူတစ်ယောက်ဟာ တစ်နေ့ကို ကော်ဖီသုံးခွက်လောက် သောက်လေ့ရှိပါတယ်။ ကော်ဖီဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း ကော်ဖီသောက်တာ လွန်သွားရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ အောက်ဘက်မှာတော့ ကိုယ် ကော်ဖီအသောက်များနေပြီလားဆိုတာ အလွယ်တကူသိရှိနိုင်မယ့် အချက်အလက်တစ်ချို့ကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အစာအိမ်နဲ့ ပတ်သက်လို့ ပြဿနာဖြစ်လာမယ်

ကော်ဖီမှာ ၀မ်းပျော့စေတဲ့ အစွမ်းသတ္တိပါဝင်ပါတယ်။ အစာခြေစနစ်ကို လှုံ့ဆော်ပေးဖို့အတွက် ကော်ဖီဟာ အူထဲရောက်တဲ့အခါ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ ကော်ဖီအများကြီး သောက်တဲ့အခါ အခန့်မသင့်ရင် ၀မ်းပျက်နိုင်ပြီး အစာအိမ်ကို မအီမသာ ဖြစ်စေနိုင်ပါတယ်။

pexels/Alexander Dummer

ကော်ဖီသောက်ပြီး နောက်တစ်နေ့မှာ ပင်ပန်းနေမယ်

ကော်ဖီဟာ အာရုံကြောစနစ်ကို လှုံ့ဆော်မှုပေးပါတယ်။ သူ့မှာ ကဖိန်းဓာတ်ပါတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို (၁၁-၁၂) ရာခိုင်နှုန်းထိ တိုးမြှင့်ပေးပါတယ်။ ဒါပေမယ့် ကော်ဖီမှာ မကောင်းတဲ့ အချက်လည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ကော်ဖီထဲမှာပါတဲ့ ဓာတုတစ်မျိုးဟာ အစပိုင်းမှာ တစ်ရှိန်ထိုးတက်ပြီး နောက်ပိုင်း ကျဆင်းလာတဲ့ သဘောမျိုး ဖြစ်ပါတယ်။ လေ့လာချက်အချို့မှာတော့ ကော်ဖီအသောက်များလွန်းတဲ့အခါ ပင်ပန်းပြီး အိပ်ပျော်သွားတတ်ကြောင်း ဖော်ပြထားပါတယ်။

READ
၂၄-နာရီအတွင်း လူကိုသေစေနိုင်သော ရောဂါများ

စိတ်ဂဏှာမငြိမ်ဖြစ်မယ်

ကဖိန်းဓာတ်ဟာ အေဒီနိုစင်းလို့ခေါ်တဲ့ လူကို ပင်ပန်းနွမ်းနယ်စေတဲ့ ဓာတ်မထွက်အောင် ပိတ်ဆို့ထားနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီဟာ တက်ကြွလန်းဆန်းမှုကို ဖြစ်ပေါ်စေပါတယ်။ ကော်ဖီဟာ အက်ဒရီနယ်လင်းလွှတ်ထုတ်မှုမှာ အကူအညီပေးပါတယ်။ ဒါကြောင့် ကိုယ်က စိတ်ကဏှာမငြိမ်ဖြစ်နေတယ်၊ မကြာခဏစိတ်လှုပ်ရှားနေသလို ဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ကော်ဖီသောက်တဲ့ ပမာဏကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

pexels/Andrew Neel

ညဘက် သိပ်အိပ်မပျော်တော့ဘူး

ကဖိန်းဓာတ်ဟာ လူကို နိုးကြားစေပါတယ်။ ဒီအတွက် ကော်ဖီဟာ အိပ်စက်ခြင်းအပေါ်မှာ သက်ရောက်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ကော်ဖီများများသောက်လေလေ၊ အိပ်ပျော်ဖို့ အချိန်ပိုယူရလေလေပဲလို့ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။ ကော်ဖီအသောက်များတဲ့အခါ ညဘက်အိပ်မပျော်ပဲ နေ့ခင်းပိုင်းကျတော့ ပင်ပန်းနွမ်းနယ်သလို ခံစားနေရတာမျိုး ဖြစ်တတ်ပါတယ်။

နှလုံးခုန်မြန်လာပြီး ပင်ပန်းနွမ်းနယ်လာသလို ခံစားရမယ်

နှလုံးခုန်မြန်တာက ကော်ဖီသောက်တဲ့သူတိုင်းမှာ ဖြစ်တာတော့မဟုတ်ပေမယ့် အဖြစ်တော့များပါတယ်။ ကော်ဖီအသောက်များတဲ့အခါ သွေးခုန်နှုန်းမြန်လာတဲ့အတွက် နှလုံးခုန်လည်းမြန်လာပါတယ်။ အလိုလိုနေရင်း ရင်တုန်နေတာမျိုး ခံစားရတတ်ပါတယ်။ သွေးဖိအားနဲ့ပတ်သက်လို့ ပြဿနာရှိတဲ့သူတွေ နှလုံးရောဂါရှိသူတွေကတော့ ကော်ဖီိမသောက်သင့်ဘူးလို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ ဖော်ပြထားတဲ့အချက်တွေကတော့ ကော်ဖီကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေဖြစ်ပြီး ဒီလက္ခဏာတွေကို ခံစားနေရတယ်ဆိုရင်တော့ ကော်ဖီကို လျော့ပြီးသောက်သုံးကြဖို့ တိုက်တွန်းလိုပါတယ်။

READ
ဓမ္မတာလာချိန်တွင် နာကျင်မှု သက်သာစေမည့် နည်းလမ်းကောင်းများ

လင်းလင်း (ShweMom)

SHARE