အမေရိကန်သမ္မတဟောင်းအိုဘားမား ပြောပြတဲ့ လက်မထပ်ခင် စဉ်းစားသင့်တဲ့ မေးခွန်း(၃)ခု

စာဖတ်သူတွေက အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဘားရတ်ခ်အိုဘားမားရဲ့ လက်ထပ်ခြင်းသီအိုရီကို ကြားပြီးတဲ့အခါကျရင် သူ့ကို အချစ်ဂုရုကြီးတစ်ဦးအဖြစ် ယူဆကြမှာပါ။ အိမ်ထောင်သက်တမ်း(၂၆)နှစ် ကြာပြီးတဲ့နောက် အမေရိကန်သမ္မတဟောင်းက သူ့ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အယူအဆတွေကို အခုလိုပြောပြခဲ့ပါတယ်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ဖို့ လက်မထပ်ခင် ဘယ်လိုမေးခွန်းတွေ မေးထားသင့်တယ်ဆိုတာကို အိုဘားမားက အခုလိုရှင်းပြခဲ့ပါတယ်။

Image credits: Obama Family Photo

ပထမမေးခွန်းကတော့ ကိုယ်ရည်ရွယ်တဲ့သူဟာ ကိုယ်အမှန်တကယ် စိတ်ဝင်စားတဲ့သူဖြစ်ရဲ့လားတဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဟာ သူနဲ့ ဘ၀တစ်လျှောက်လုံး အချိန်တွေကို အတူကုန်ဆုံးသွားရမှာဖြစ်တဲ့အတွက် သူ့အပေါ်မှာ ကိုယ့်ရဲ့ စိတ်ပါဝင်စားမှုက နှစ်နှစ်ကာကာ ပြင်းထန်နေဖို့ လိုအပ်တာကြောင့်ပါတဲ့။ တကယ်လို့ သူပြောသမျှ ဆိုသမျှတွေက ကိုယ့်အတွက် အရာရာဖြစ်နေတယ်ဆိုရင် သူဟာ ကိုယ်တကယ်ချစ်မြတ်နိုးပြီး ရည်ရွယ်သင့်တဲ့ လူတစ်ယောက်ပါလို့ အိုဘားမားက ဆိုပါတယ်။

READ
အတူချက်ပြုတ်ခြင်းက ချစ်သူစုံတွဲတွေရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေနိုင်
Image credits: Pete Souza

ဒုတိယမေးခွန်းကတော့ သူဟာ တကယ်ပဲ ကိုယ့်ကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးနိုင်သူဖြစ်ရဲ့လား ဆိုတာပါ။ ဘ၀ဆိုတာ ရှည်လျားတာကြောင့် လက်ထပ်ပြီးတဲ့အခါ တွေ့ကြုံလာမယ့် အခက်အခဲတွေမှာ ကိုယ့်ကို အမှန်တကယ် ဖေးမနိုင်ပြီး ပျော်ရွှင်မှုရအောင် ပေးစွမ်းနိုင်သူဖြစ်ရဲ့လား ဆိုတာကိုပါ။

Image credits: Pete Souza

နောက်ဆုံးမေးခွန်းကလည်း မေးခွန်းကောင်းလေးတစ်ခုပါပဲ။ အဲဒါကတော့ ကိုယ်ရည်ရွယ်ထားသူဟာ ကိုယ့်ရင်သွေးတွေအတွက် မိခင်ကောင်း၊ ဖခင်ကောင်းတစ်ယောက် ဖြစ်နိုင်ရဲ့လား ဆိုတာပါ။ အိုဘားမားက အိမ်ထောင်ကျပြီးတဲ့အခါ ရေရှည်မှာ အရေးကြီးတဲ့ ကိစ္စပေါင်းများစွာနဲ့ တွေ့ကြုံရမှာဖြစ်တာကြောင့် အိမ်ထောင်မပြုခင်မှာ ကိုယ့်ရဲ့လက်တွဲဖော်အကြောင်းကို ဖော်ပြပါမေးခွန်းတွေနဲ့ အပြန်ပြန် အလှန်လှန် သုံးသပ်သင့်တယ်လို့ အကြံဥာဏ်ပေးခဲ့တာဖြစ်ပါတယ်။ အချစ်ဂုရုကြီး အိုဘားမားရဲ့ မေးခွန်းလေးတွေကတော့ တစ်ချိန်အိမ်ထောင်သားမွေးပြုကြမယ့် အပျို၊ လူပျိုတွေအတွက် အလေးအနက်ထား စဉ်းစားထိုက်တဲ့ မေးခွန်းလေးတွေပါပဲနော်။

Image credits: Obama for America

လင်းလင်း (ShweMom)

READ
ချစ်သူက သင့်ကို တသသ လွမ်းလာစေမယ့်နည်းလမ်း (၅) မျိုး

Ref: Boredpanda

SHARE