ဝက်သားကြိုက်လွန်းသူတွေ သတိထားသင့်တဲ့ အသည်းရောင်ရောဂါအန္တရာယ်

unsplash/Amber Kipp

မကျက်တကျက်ချက်ပြုတ်ထားတဲ့ ၀က်အသည်းဟာ အသည်းရောင်ရောဂါ hepatitis E virus (HEV)  ကူးစက်မှုနဲ့ ဆက်နွယ်နေကြောင်း straitstimes သတင်းအရ သိရပါတယ်။ သတင်းမှာတော့ ဈေးထဲက ၀ယ်လာတဲ့ ၀က်အသည်းအစိမ်းတွေထဲမှာ လူသားတွေမှာ ဖြစ်ပွားတတ်တဲ့ hepatitis E ဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ ဗိုင်းရပ်စ်မျိုး တွေ့တယ်လို့ ဆိုထားတာပါ။

ဒီတွေ့ရှိချက်ဟာ ကိုယ်ခံအားနည်းပါးသူတွေအတွက်တော့ စိုးရိမ်စရာဖြစ်လာနေပါတယ်။ သုတေသနပြုလုပ်ခဲ့တဲ့ Singapore General Hospital (SGH) ဟာ အသည်းရောင်ရောဂါ hepatitis E ဗိုင်းရပ်စ်ရှိသူ လူနာရဲ့ သွေးနမူနာထဲက HEV ဗီဇနဲ့ ၀က်အသည်းအစိမ်းထဲမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်တွေရဲ့ ဗီဇဟာ အတူတူဖြစ်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Pixabay

ဒါပေမယ့် သုတေသနပညာရှင်တွေက ၀က်အသည်းဟာ တကယ်ပဲ HEV ကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းလားဆိုတာကိုတော့ သေချာမဆုံးဖြတ်နိုင်ကြသေးပါဘူး။ မိုက်ခရိုဇီဝဗေဒဌာနမှ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါက်တာချန်ကတော့ လူအများစုက ၀က်အသည်းကို မကျက်တကျက် ချက်ပြုတ်စားကြတာကြောင့် hepatitis E ဗိုင်းရပ်စ်ကူးစက်နိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။

READ
အတွေးလွန်ခြင်းဟာ အသက်တိုစေနိုင်တယ်ဆိုတဲ့ ဆေးပညာလေ့လာတွေ့ရှိချက်သစ်တစ်ခု

Hepatitis E ဟာ အသည်းမှာဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ လူနာအများစုမှာ ရောဂါလက္ခဏာတွေ ပြလေ့မရှိပါဘူး။ ဒါပေမယ့် လက္ခဏာပြပြီဆိုရင်တော့ ဖျားတာ၊ အားအင်မရှိတာ၊ အော့အန်တာနဲ့ အသားဝါ ဖြစ်လာတတ်ပါတယ်။ ရောဂါကူးစက်ခံရပြီဆိုရင် အထက်ပါ ရောဂါလက္ခဏာတွေကို ရက်သတ္တပတ်အနည်းငယ်ကြာ ခံစားရပြီးနောက်ပိုင်း များသောအားဖြင့် အလိုအလျောက် ပျောက်သွားတတ်ပါတယ်။ ကိုယ်ခံအားကောင်းသူတွေအတွက်တော့ Hepatitis E ဟာ ရေရှည်ရောဂါရတာ၊ အသည်းပျက်စီးတာမျိုးထိတော့ မထိရောက်နိုင်ပါဘူး။

pexels/Nicolas Postiglioni

ဒါပေမယ့် hepatitis E virus က ကိုယ်ခံအားနည်းသူတွေအတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးထားတဲ့ လူနာတွေ၊ နဂိုတည်းက နာတာရှည်အသည်းရောဂါရှိနှင့်ပြီးသား လူနာတွေဆိုရင်တော့ အသည်းရောဂါ ပြင်းပြင်းထန်ထန် ခံစားရရုံတင်မကသေးပဲ အသည်းလုပ်ဆောင်ချက်ချို့ယွင်းပြီး အသက်သေဆုံးသည်အထိတောင် ဖြစ်နိုင်ပါတယ်။

Hepatitis E virus ဟာ ကိုယ်ဝန်ဆောင်တွေ ကူးစက်ခံရရင်လည်းအန္တရာယ်ရှိတယ်လို့ ဆိုထားပေမယ့် ရောဂါကူးစက်တာမျိုးတော့ တွေ့ရခဲပါတယ်။ hepatitis E virus ဟာ ရောဂါပိုးရှိတဲ့ မစင်တွေ၊ ရောဂါပိုးကူးစက်ခံနေရတဲ့ တိရစ္ဆာန်တွေရဲ့ အသားကို အစိမ်းဖြစ်ဖြစ်၊ မကျက်တကျက်ဖြစ်ဖြစ် စားသုံးမိရာကနေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဒေါက်တာချန်က hepatitis E virus အကူးစက်မခံရဖို့ အကောင်းဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ အစားအသောက်တွေကို သေသေချာချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားကြပါလို့ တိုက်တွန်းထားပါတယ်။

READ
ဝိတ်ချလိုသူများအတွက် အရသာလည်းရှိ ဝိတ်လည်းကျစေတဲ့ အသုပ်ပြုလုပ်နည်း

လင်းလင်း (ShweMom)

SHARE