ကွန်တီကိုငြင်းပြီး မော်ရင်ဟိုအတွက်ကစားဖို့ ရွေးခဲ့ရခြင်းအကြောင်းကို လူကာကူဖွင့်ဟ

အဲဗာတန်အသင်းမှ မန်ယူအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 75 သန်းနဲ့ ရောက်ရှိလာတဲ့ တိုက်စစ်မှူးလူကာကူဟာ အခုအခါမှာ မိမိရဲ့ ငယ်ဘ၀အိပ်မက် ပြည့်စုံသွားခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ လူကာကူဟာ အဲဗာတန်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ပရီမီးယာလိဂ်ထိပ်သီး မန်ယူကို ရောက်ရှိလာခဲ့တာပါ။

Metro သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူက မဟာပြိုင်ဘက် ချယ်လ်ဆီးအသင်းကို မရွေးချယ်ပဲ မန်ယူအသင်းကို ရွေးချယ်ခဲ့ရခြင်းအပေါ် အခုလို ထုတ်ဖော်ဝန်ခံခဲ့တာပါ။ သူရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နောင်တမရဘဲ ပျော်ရွှင်နေကြောင်းဆိုပါတယ်။

တကယ်တော့ လူကာကူဟာ 2013-14 မှာ မော်ရင်ဟိုချယ်လ်ဆီးမှာ ရှိနေစဉ်က ၀က်စ်ဘရွန်းအသင်းမှ အငှားနဲ့ပြန်ရောက်လာတဲ့ သူ့ကို အဲဗာတန်အသင်းဆီ ထပ်မံ အငှားချခြင်း ခံခဲ့ရသူဖြစ်ပေမယ့်၊ သူဟာ မော်ရင်ဟိုရဲ့လက်အောက်မှာကစားဖို့ အသက် 11 နှစ်သားကတည်းက ဆန္ဒရှိခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

လူကာကူက ” ကျနော် အသက် 11 နှစ်သားအရွယ်ကတည်းက သူ့အတွက် ကစားချင်နေတာပါ … နောက်တစ်ကြိမ် ဒီအခွင့်ရေးရခဲ့ရင်လည်း ငြင်းမိမှာ မဟုတ်ပါဘူး .. ဒါက ကျနော့်အတွက်တော့ ဒုတိယ အခွင့်ရေးမို့ အားရကျေနပ်ပါတယ် … “လို့ ပြောခဲ့ပါတယ်။

READ
လာမည့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ထိပ်သီးကစားသမားများ

လူကာကူဟာ အန်ဒါလက်ခ်ျအသင်းမှ ချယ်လ်ဆီးအသင်းကို 2011 ခုနှစ် ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အန်ဒါလက်ခ်ျအသင်းအတွက် 77 ပွဲမှာ 33 ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ ချယ်လ်ဆီးကိုရောက်ရှိတဲ့ 2011 မှ 2014 မှာ 10 ပွဲသာ ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ 2012-13 မှာ ၀က်စ်ဘရွန်းကို အငှားချခံခဲ့ရပြီး၊ 35 ပွဲကစားကာ 17 ဂိုး၊ 2013-14 အဲဗာတန်မှာ အငှားကစားခဲ့ရပြီး၊ 31 ပွဲမှာ 15 ဂိုး၊ ယင်းနောက် အဲဗာတန်ကို အပြီးရောင်းချခံခဲ့ရပြီး 110 ပွဲမှာ 53 ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE