လူဇင်ဘတ်နိုင်ငံမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခမဲ့စနစ်ဖြင့် စတင်ပြေးဆွဲ

Twitter/CultureTrip

ဥရောပရဲ့နိုင်ငံငယ်လေးဖြစ်တဲ့ လူဇင်ဘတ်မှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးအားလုံးကို အခမဲ့စနစ်နဲ့ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရပါတယ်။ ယာဉ်ရထား၊ ဘက်စ်ကားနဲ့၊ အစိုးရပိုင် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေအကုန်လုံး အခမဲ့ဖြစ်သွားတဲ့ သဘောပါ။

ဒီစနစ်ကို ကမ္ဘာမှာ ပထဆုံးစတင်ကျင့်သုံးတဲ့ နိုင်ငံအဖြစ် လူဇင်ဘတ်က မှတ်တမ်းဝင်ခဲ့ပါတယ်။ စတင်အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယာဉ်ကြောကြပ်တည်းမှုကို လျှော့ချဖို့ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ သက်ရောက်မှုက အများပြည်သူတွေ ကိုယ်ပိုင်ယာဉ်တွေ အသုံးပြုမှုကို လျှော့ကျစေမယ်လို့ ယုံကြည်ရပါတယ်။

လူဇင်ဘတ်အစိုးရရဲ့ ကြေညာချက်မှာတော့ ရထားခရီးစဉ်အားလုံးနဲ့၊ ဘက်စ်ကားပြေးဆွဲမှုအားလုံးဟာ အခမဲ့ခရီးစဉ်တွေအတွင်းမှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ အခု အဲဒီယာဉ်ရထားတွေကို အများပြည်သူတွေအနေနဲ့ အခမဲ့စတင်အသုံးပြုခွင့် ရနေကြပါပြီ။

အောက်လွှတ်တော်အမတ်လည်းဖြစ်၊ Mobility and Public Works ဌာနမှ ဝန်ကြီးလည်းဖြစ်တဲ့ François Bausch က ဒီအခမဲ့စနစ်ကို ဖေဖော်ဝါရီ (၂၉)ရက်မှာ စတင်ခဲ့ကြောင်း၊ အများထင်ထားသလို မတ်လ(၁)ရက်နေ့မဟုတ်ဘဲ တစ်ရက်စောပြီး အစီအစဉ်စတင်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ယခင်က Helfenterbruck အနီး Pletzer မှတ်တိုင်မှ နံပတ်(၆)ဘက်စ်ကားကိုစီးရင် (၂)ယူရိုအထိ ပေးခဲ့ရပေမယ့်၊ အခုတော့ ကားတစ်စီးမှာ လူကြပ်နေရင် နောက်တစ်စီး စောင့်ပြီး အခမဲ့စီးရုံသာ ရှိပါတော့တယ်။ ယခင်က မတ်လ(၁)ရက်မှာ စတင်မယ်လို့ စီစဉ်ထားပေမယ့် ရက်ထပ်နှစ်မှာ အထိမ်းအမှတ်ပွဲတွေလည်း ရှိနေလို့ ဖေဖော်ဝါရီ (၂၉)ရက်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

 

ဒီနည်းအားဖြင့် ပြည်သူရဲ့ကုန်ကျစာရိတ်နဲ့ အသုံးစာရိတ်ကို လျှော့ချပေးနိုင်ဖို့လည်း ရည်မှန်းထားပြီး၊ တစ်ခြားကောင်းကျိုးကတော့ ကိုယ်ပိုင်ကား အသုံးပြုမှုနည်းလာအောင်၊ ဒီလိုမှမဟုတ် ကိုယ်ပိုင်ကားအသုံးပြုမှု လျှော့ချစေဖို့ တွန်းအားတွေလည်း ပေးလာဖွယ်ရာ ရှိပါတယ်။

ဒါပေမယ့် ယခင်ကတည်းက အခပေးစနစ်ကို ပုံမှန်အသုံးပြုနေသူတွေအတွက်တော့ လူတွေအစပေါင်းများစွာ အများပြည်သူပို့ဆောင်ရေးစနစ်ကို ရုတ်တရက် ဝိုင်းသုံးကြမယ်ဆိုရင် ကြီးမားလှတဲ့ လူကြိတ်ကြိတ်တိုး စည်ကားမှုတွေနဲ့အတူ အခက်အခဲတွေ ဖြစ်လာနိုင်လို့ စိုးရိမ်မှုတွေ၊ ကြိုတင်ပူပန်မှုတွေ ရှိနေကြပါတယ်။

လင်းဇော်ကို

SHARE