တစ်ညကို မြန်မာငွေသိန်း(၁၀၀)လောက်ကျမယ့် ဇိမ်ခံရထားခရီးစဉ်

Belmond/Twitter

ကမ္ဘာပေါ်မှာဇိမ်အရှိဆုံးရထားကြီးတွေထဲက တစ်စီးဟာ Venice Simplon-Orient-Express ပဲဖြစ်ပါတယ်။ ဇိမ်ကျကျနဲ့ သက်တောင့်သက်သာခရီးသွားချင်ကြတဲ့ ငွေကြေးချမ်းသာသူတွေအတွက်ကတော့ ရထားတွဲမှာပါဝင်တဲ့ အခန်းတွေက စိတ်ဝင်စားစရာကောင်းနေတာပါ။ Venice Simplon-Orient Express ကို အာဂါသာခရစ္စတီရဲ့“Murder on the Orient Express” ကနေတဆင့် အိုင်ဒီယာရပြီး ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ရထားတွဲကြီးဟာ ဥရောပတစ်ခွင်ကို မတ်လကနေ နိုဝင်ဘာလအတွင်း သွားလာလေ့ရှိပြီး အီစတန်ဘူလ်ကိုတော့ တစ်နှစ်မှာ တစ်ခါပဲ သွားလေ့ရှိပါတယ်။

twitter/Belmond

(၂၀၁၈) ခုနှစ်ကနေ ရထားခရီးစဉ်တွေပြေးဆွဲနေတဲ့ Venice Simplon-Orient-Express ဟာ (၂၀၂၀) ခုနှစ်ကစပြီး အထူးရထားတွဲတွေကို စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။ အထူးရထားတွဲတွေကတော့ တစ်ညကို လူတစ်ယောက် ဒေါ်လာ(,၈၀၀) နဲ့မြို့ကြီးသုံးမြို့ဆီကို ဖြစ်ပါတယ်။ ရထားပြေးဆွဲမယ့်မြို့ကြီးတွေကတော့ ဗီယင်နာ၊ ပရက်ဂ်နဲ့ ဘူးဒါးပက်စ်တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ အထူးရထားတွဲတွေမှာ ဆိုက်ရောက်ရာမြို့သုံးမြို့ပေါ် မူတည်ပြီး ခရီးသွားအရသာအမျိုးမျိုးကို ခံစားရမှာပါ။ ရထားတွဲအလိုက် အတွင်းပိုင်းဒီဇိုင်းတွေကို သေသပ်ကျနစွာ သေချာဖန်တီးထားပါတယ်။ ဆိုက်ရောက်မယ့်ဥရောပမြို့တွေပေါ်မူတည်ပြီး ၄င်းမြို့ရဲ့ အငွေ့အသက်တွေကို ရထားတွဲထဲမှာ ခံစားရအောင် အထူးပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ဗီယင်နာသွားတဲ့ ရထားခရီးစဉ်မှာတော့ ရွှေရောင်နဲ့ မြစိမ်းရောင်ကို ဦးစားပေးပြီး ပိုးသားအပြင်အဆင်နဲ့ အနက်ရောင်သစ်သားကို ပြင်ဆင်ခင်းကျင်းထားပါတယ်။ ပရက်ဂ်သွားတဲ့ ရထားတွဲမှာတော့ ကြက်သွေးရောင်နဲ့ ရွှေရောင်ကို အသုံးပြုထားကာ လက်နဲ့ချုပ်လုပ်ထားတဲ့ ကူရှင်တွေ၊ မှန်စီရွှေချဒီဇိုင်းတွေနဲ့ စီခြယ်ထားပါတယ်။ ဘူးဒါးပက်စ်သွား ရထားခရီးစဉ်မှာတော့ သစ်သားတွေကိုချည်း အနုစိတ်ထွင်းထားတဲ့ ဂေါ့သစ်နဲ့ အော်တိုမန် ဗိသုကာဒီဇိုင်းကို သုံးထားပါတယ်။

အဆိုပါ အထူးရထားတွဲတွေမှာ သီးသန့်ရေချိုးခန်း၊ ရေပန်းတွေအပြင် နှစ်ထပ်အိပ်ရာ၊ သီးသန့်ဧည့်ခန်းနဲ့ အပူပေးစနစ်တွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ရှန်ပိန်ကတော့ ကြိုက်သလောက် သောက်လို့ ရပြီး (၂၄) နာရီလုံးလုံး ၀န်ဆောင်မှူပေးမယ့် သီးသန့်တွဲထိန်းတစ်ယောက်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ Venice Simplon-Orient-Express မှာတော့ ဖော်ပြပါ အထူးတွဲတွေအပြင် ရိုးရိုးတန်းတွေလည်း ရှိပါသေးတယ်။။ ရိုးရိုးတန်းမှာ လိုက်ပါစီးနင်းကြတဲ့ ခရီးသည်တွေကတော့ အစားအသောက်တွဲ() တွဲနဲ့ ရှန်ပိန်ဘားတို့ကိုလည်း သုံးစွဲနိုင်ဦးမှာ ဖြစ်ပါတယ်။ Venice Simplon-Orient-Express ရဲ့ဧည့်သည်တွေအတွက် ရင်သပ်ရှူမောဖွယ်ရာအကောင်းဆုံးကတော့ ခရီးစဉ်တစ်လျှောက်တွေ့မြင်ရမယ့် ရှူမျှော်ခင်းပဲဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE