ဘ၀တိုးတက်ရေးအတွက် အဆိပ်အတောက်ဖြစ်စေမယ့် မပေါင်းအပ်တဲ့ လူစားများ

unsplash/Ben White

ယေဘူယျအနေနဲ့ လူတစ်ယောက်ဟာ မကောင်းတဲ့ အပြုအမူတွေကို ပြုလုပ်တတ်သူဆိုရင် ထိုလူကို မပေါင်းသင့်ဘူးလို့ ယူဆကြပါလိမ့်မယ်။ တစ်ခါတစ်လေမှာ လူတစ်ယောက်ဟာ မကောင်းတဲ့ အပြုအမူ ပြုလုပ်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ထိုသူနဲ့ ပြောဆိုဆက်ဆံတဲ့အခါတိုင်းမှာ စိတ်ထိခိုက်ရတယ်၊ စိတ်ထဲမှာ တစ်ခုခုခံစားနာကျင်ရတယ်ဆိုရင်တော့ ထိုသူနဲ့ မိတ်ဆွေအဖြစ် မပေါင်းသင်းအပ်ပါဘူး။ အကြောင်းကတော့ သူတို့ရဲ့ အတွေးအခေါ်ဟာ ကိုယ့်ကို အဆိပ်သင့်သွားစေတဲ့အတွက်ကြောင့်ပါ။ အောက်မှာတော့ အပေါင်းအသင်းမလုပ်အပ်တဲ့ အဆိပ်ရှိသူတွေရဲ့ ပုံစံတွေကို ဖော်ပြပေးသွားပါမယ်။

ကိုယ်ရည်သွေးလွန်းသူတွေ

တစ်ခါတစ်လေ ကိုယ့်အကြောင်းစကားပြောနေရာကနေ တစ်ဖက်လူက သူ့အကြောင်းပါ ထည့်ပြောပြီး နောက်ဆုံး သူချည်းသူ့အကြောင်းတွေ ပြောသွားတာကို ကြုံဖူးကြမှာပါ။ ကိုယ်ရည်သွေးသူတွေဟာ သူတစ်ပါးနဲ့ စကားပြောဆိုတိုင်းမှာ သူတို့ကသူများထက် သာတယ်ဆိုတာကို သိစေလိုကြပါတယ်။ ဥပမာ ကိုယ် ခရီးထွက်တယ်၊ နေရာတစ်ခုကို ရောက်ခဲ့တယ်ဆိုရင် ကိုယ်ရောက်ခဲ့တာက ဘာမှမဟုတ်၊ သူတို့သွားတုန်းကတော့ ဘယ်လို ၊ ဘာတွေစားခဲ့တာ၊ ဘာတွေဝယ်ခဲ့တာ စသဖြင့် အကြွားတစ်လိုင်းပုံစံမျိုးပါ။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ ကိုယ့်အကြောင်းလေးတွေကို သူများကို သိစေချင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့စကားပြောတဲ့အခါ ကိုယ့်ရဲ့ စိတ်ထဲမှာ ဗလာကြီးဖြစ်သွားတယ်၊ သူ့ထက်နိမ့်ကျသွားသလိုမျိုးကြီး ခံစားသွားတယ်ဆိုရင်တော့ ဒီလိုလူမျိုးကို မိတ်ဆွေကောင်းအဖြစ် မဆက်ဆံသင့်ပါဘူး။

unsplash/Ben White

အတင်းပြောလွန်းသူတွေ

လူအချို့က ကိုယ့်အကြောင်းနဲ့ကိုယ် မနေနိုင်ပါဘူး။ သူများအကြောင်းကို မြိန်ရည်ယှက်ရည်ပြောရမှ စားဝင်အိပ်ပျော်သူတွေ ရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ ပြောနေရရင်ပြီးရော သူများအကြောင်းတွေကို ဟုတ်တာရော၊ မဟုတ်တာရောပါ ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့သာပေါင်းမိရင် တစ်နေ့တစ်နေ့ ကောလဟာလနဲ့ အတင်းအဖျင်းတွေကို နားထောင်ရတဲ့အတွက်အနုတ်သဘောဆန်တဲ့စိတ်ဓာတ်တွေ သင့်ဆီမှာ ကိန်းအောင်းလာနိုင်ပါတယ်။ နောက်တစ်ခုသိထားဖို့က ထိုသူက ကိုယ့်ဆီသူများအတင်းလာပြောတယ်ဆိုရင် ကိုယ့်အတင်းကိုလည်း သူများဆီသွားပြီး ဖောက်သည်ချမှာ သေချာသလောက်ပါပဲ။ ဒါကြောင့် ဒီလိုလူမျိုးတွေကိုလည်း ရှောင်သင့်ပါတယ်။

ဝေဖန်လွန်းသူတွေ

ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြတာဟာ ကောင်းတဲ့အရာပါ။ ဒါပေမယ့် တစ်ချို့တွေက သူတို့အမြင်မှ အမှန်ဆိုတဲ့ တစ်ယူသန်တွေရှိပါတယ်။ ဒီလိုတစ်ယူသန်တွေဟာ သူများကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ သူတို့ထင်တဲ့အမြင်တွေကို စွတ်ပေးလေ့ရှိပါတယ်။ ကိုယ်ပြောလိုက်လို့ သူဘယ်လိုများခံစားသွားရမလဲ၊ စိတ်များထိခိုက်သွားမလားလို့ မစဉ်းစားကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့က သူတို့အခုလို အမှန်အတိုင်းဝေဖန်တာက သင်ကောင်းဖို့အတွက်ပါလို့ ပြောပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ ထိုသူတွေဟာ သင့်ကိုနှိမ့်ချပြီး သူတို့တန်ဖိုးတက်အောင် ပြောဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုလူတွေက သင့်ကို စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေ လျော့ကျအောင်လုပ်နိုင်တဲ့အတွက် သူတို့ကို ရှောင်သင့်ပါတယ်။

unsplash/Tom Pumford

ဒရာမာချိုးလွန်းသူတွေ

ဒရာမာချိုးတဲ့နေရာမှာ အချို့လူတွေက တော်တော်ကျွမ်းကျင်ပါတယ်။ သူတို့ဟာ မရှိတဲ့ပြဿနာကို လေထဲကနေ အလွယ်တကူ ဖမ်းယူနိုင်သူတွေပါ။ သူတို့ဘ၀က ရိုလာကိုစတာလိုမျိုး အနိမ့်အမြင့်တွေနဲ့ပါ။ တွေ့သမျှကို လိုက်ခံစားနေပြီး သင့်ကိုလည်း သူတို့နဲ့အတူ ရိုလာကိုစတာအတူစီးဖို့ ခေါ်ပါလိမ့်မယ်။ သူတို့တွေက ငိုလိုက်ရီိလိုက်ရဲ့ စိတ်အပြောင်းအလဲအမျိုးမျိုးလုပ်ပြီး သင့်ကို သူတို့စိတ်ပြေပျောက်ဖို့၊ သူတို့ရဲ့ မရှိတဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ တာဝန်ယူခိုင်းပါလိမ့်မယ်။ တကယ်လို့ သင်က သူတို့ကို ကူညီဖို့ ငြင်းဆန်မယ်ဆိုရင်တော့ သင့်ကို မိတ်ဆွေတုလို့ပြောပြီး ကိုယ်ကပဲ အပြစ်ရှိသွားသလိုမျိုး ခံစားရအောင် လုပ်ပါလိမ့်မယ်။ ကြာလာတဲ့အခါ သင့်ရဲ့မိမိကိုယ်မိမိ ယုံကြည်မှူပါကျဆင်းလာနိုင်တဲ့အတွက် သင့်ရဲ့ပတ်ဝန်းကျင်မှာ ဒီလိုဒရာမာချိုးလွန်းသူတွေကိုလည်း ဝေးဝေးရှောင်သင့်ပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE