Mask တွေရှားလာတဲ့နောက် လူတွေစိတ်ဝင်စားနေတဲ့ ဂျပန်က တစ်ရှူး mask ပြုလုပ်နည်း

twitter/MPD_bousai

ဂျပန်နိုင်ငံရဲ့လမ်းတွေမှာ mask အုပ်ပြီး သွားလာနေသူတွေရဲ့မြင်ကွင်းဟာ အရင်ထဲက အထူးအဆန်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အခုလို ကာလမျိုးမှာတော့ ကိုရိုနာဗိုင်းရပ်စ်က အရမ်းခေတ်စားနေလို့ ခါတိုင်း mask အလွယ်တကူဝယ်လို့ရတဲ့ ဆိုင်တွေမှာ mask တွေတောင် ပြတ်လပ်နေပါတယ်။

twitter/MPD_bousai

Mask တွေ ပြတ်လပ်ရတဲ့ အကြောင်းရင်းက သုံးချက်လောက်ရှိပါတယ်။ ပထမတစ်ချက်က ဂျပန်မှာ ရာသီဥတုက အေးနေသေးတဲ့အတွက် နှာစေးနှာပိတ်ဖြစ်ကြလို့ mask တွေ တပ်ကြပါတယ်။ ဒုတိယအချက်ကတော့ ဂျပန်က သစ်ပင်တွေဟာ ၀တ်မှုန်တွေထုတ်တဲ့အချိန်ဖြစ်တဲ့အတွက် အယ်လာဂျီမဖြစ်အောင်လို့ဆိုပြီး mask တွေ တပ်ကြတာပါ။ နောက်ဆုံးအချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပါ။ လောလောလတ်လတ် ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူ အယောက် (၂၀) လောက်ရှိနေပြီဖြစ်တဲ့အတွက် mask တွေကို အကာအကွယ်သဘော တပ်လာကြတာပါ။

ဒါကြောင့်လည်း ဂျပန်နိုင်ငံက စတိုးဆိုင်တော်တော်များများမှာ mask တွေ ၀ယ်လို့ မရတော့တာ ဖြစ်ပါတယ်။ Mask တွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံက အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့ လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ခေတ်စားခဲ့တဲ့ ကိုယ်တိုင် mask ပြုလုပ်နည်းပို့စ်တစ်ခုက ပြန်တက်လာတာကို soranews24 မှာ တွေ့ရပါတယ်။

READ
ဖိအားများစွာရှိတဲ့အလုပ်မှာ ကာလကြာရှည်စွာလုပ်ကိုင်ခြင်းဟာ ကင်ဆာရောဂါပိုမိုဖြစ်ပွားနိုင်

Mask ပြုလုပ်နည်းက မခက်ပါဘူး။ တစ်ရှူးစက္ကူရယ်၊ သားရေကွင်းရယ်၊ စတက်ပလာတစ်ခုရယ်ပဲ လိုပါတယ်။ ပထမဆုံး တစ်ရှူးစက္ကူကို လက်ညှိုးအရွယ်အစားအကျယ်လောက် အထပ်လေးတွေ ခေါက်လိုက်ပါ။ ငယ်ငယ်တုန်းက စက္ကူယပ်တောင်ခေါက်သလိုမျိုး ခေါက်နိုင်ပါတယ်။ ခေါက်ပြီးရင် ဘေးအစွန်းနှစ်ဘက်မှာ ပုံထဲက ပြထားသလို သားရေကွင်းလေးတွေကို တင်ပြီး စတက်ပလာသံနဲ့ ညှပ်လိုက်ပါ။ ဒါဆို အလွယ်တကူတပ်နိုင်တဲ့ စက္ကူမျက်နှာဖုံးလေးတစ်ခု ရပါပြီ။

twitter/MPD_bousai
twitter/MPD_bousai

တစ်ခုရှိတာက ဒီစက္ကူမျက်နှာဖုံးက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့တော့ မလုံလောက်ပေမယ့် ဖုန်မှုန့်တွေ၊ သဲမှုန့်တွေနဲ့ လေထုထဲ ပြန့်နေတဲ့ ၀တ်မှုန်ဆံတွေ နှာခေါင်းထဲ မ၀င်အောင်လို့တော့ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE