လက်နှစ်ချောင်းထောင်ပြီး ဓာတ်ပုံရိုက်ခြင်းက အန္တရာယ်ဖြစ်စေနိုင်ဟု ရဲတပ်ဖွဲ့ဆို

Halay Alex/Shutterstock

တော်တော်များများကတော့ လက်နှစ်ချောင်းထောင်ပြီး ဓာတ်ပုံရိုက်ဖူးကြပါလိမ့်မယ်။ လက်နှစ်ချောင်းမထောင်ဘူးဆိုရင်တောင် လက်ကို သင်္ကေတအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ဖူးကြမယ် ထင်ပါတယ်။ အခု အဲဒီလို ပို့စ်တွေပေးပြီး ဓာတ်ပုံရိုက်တာဟာ ကာယကံရှင်အတွက် အန္တရာယ်တွေကို ဖိတ်ခေါ်နေသလို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒီသတိပေးမှုကို Polis Diraja Malaysia (PDRM, Royal Malaysia Police) က ထုတ်ပြန်ခဲ့တာပါ။ လက်ချောင်းတွေထောင်ပြီး ဓာတ်ပုံရိုက်ခြင်းဟာ ဟက်ကာသမားတွေ အကြိုက်တွေ့သွားစေနိုင်တယ်လို့ ပြောပါတယ်။ အလွယ်ပြောရရင် ဟက်ကာတွေက သင့်ရဲ့လက်ဗွေရာကို အမြန်ဆုံး ခြေရာခံနိုင်လို့ ဖြစ်ပါတယ်။

Radu Bercan/Shutterstock

လက်ဗွေရာကို ခြေရာခံနိုင်ရုံနဲ့ ဘာဖြစ်မှာလဲဆိုပြီး မေးတဲ့သူတွေ ရှိမှာပါ။ သင်ဟာ ဘဏ်အကောင့်တွေ၊ ကိုယ့်ရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို သင့်ရဲ့လက်ဗွေရာနဲ့ သိမ်းဆည်းမထားဘူးဆိုရင်တော့ ဒီကိစ္စက ပြဿနာတစ်ခု မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် သိမ်းထားရင်တော့ သင့်ကို ဟက်ကာတွေက ဟက်ဖို့ လွယ်သွားမှာပါ။

ဂျပန်နိုင်ငံ၊ National Institute of Informatics (NII) ရဲ့ထုတ်ပြန်ချက်အရ ကင်မရာနဲ့(၃)မီတာအဝေးက ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကနေ လက်ဗွေရာစနစ်ကို ခြေရာခံလို့ရကြောင်း ဆိုပါတယ်။ ဒီတော့ ဓာတ်ပုံတွေရဲ့ Focus ပြတ်လေ ဟက်ကာတွေရဲ့အကြိုက် တွေ့လေလို့ ဆိုရမှာပါ။ ဘာကြောင့်ဆိုတော့ ဒီနည်းက သူတို့အတွက် တစ်ခြား ဆော့ဖ်ဝဲတွေ မသုံးရဘဲ လူတစ်ယောက်ကို ဟက်လို့ရနိုင်လို့ ဖြစ်ပါတယ်။

gpointstudio/Shutterstock

သတင်းတစ်ခုမှာ ဖော်ပြချက်အရ (၂၀၁၄)ခုနှစ်တုန်းက ဟက်ကာတစ်ဦးဖြစ်တဲ့ Jan “Starbug” Krissler က ဓာတ်ပုံမှတစ်ဆင့် ဂျာမန်ကာကွယ်ရေးဝန်ကြီးရဲ့ လက်ဗွေရာကို ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ စောစောက ထင်ထားသလို သိပ်ပြီး ပြဿနာမရှိနိုင်ဘူးဆိုတဲ့ ဒီကိစ္စဟာ၊ အခုလိုအဖြစ်မျိုးမှာတော့ နိုင်ငံတစ်ခုရဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ ခိုးယူခံရနိုင်သည်အထိ အန္တရာယ်ကြီးသွားတယ်ဆိုတာ သတိပြူမိစေမှာပါ။

လင်းသုတ

SHARE