အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်နေ Malea Emma Tjandrawidjaja ဟာ တေးသံရှင်၊ မော်ဒယ်နဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သူမက အသက်(၇) နှစ်သာရှိသေးတဲ့ အင်ဒိုနီးရှားလူမျိုး ကလေးမလေးပါ။ အသက်ငယ်ငယ်လေးပေမယ့် သူမရဲ့ အားပြည့်လွန်းတဲ့ အသံပါဝါနဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ဖျော်ဖြေရေးကဏ္ဍမှာ အချိန်တိုလေးနဲ့ လူသိများလာရသူလေးတစ်ဦးလည်း ဖြစ်ပါတယ်။
မကြာသေးခင်ကတော့ Malea Emma ဟာ Hollywood Bowl ရဲ့ Annie အမည်ရ ရှိုးပွဲမှာ သရုပ်ဆောင်ကြီးတွေနဲ့ ပူးတွဲ သရုပ်ဆောင်ခဲ့ပါသေးတယ်။ အခုတစ်ခါမှာတော့ Malea ဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံတော်သီချင်း The Star Spangled Banner ကို ကြားရသူတိုင်း ကြက်သီးမွှေးညင်းထလောက်အောင် ဆိုပြနိုင်ခဲ့တာကို အောက်က ဗီဒီယိုလေးမှာ တွေ့ရမှာပါ။

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက Major League Soccer club the L.A. Galaxy ဟာ ဘောလုံးကလပ်ရဲ့ Galaxy Social Day မှာ နိုင်ငံတော်သီချင်းသီဆိုပေးဖို့ လူရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။ ၄င်းလူရွေးပွဲမှာ Malea ဟာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမက ရာချီတဲ့ အခြားပြိုင်ပွဲဝင်တွေကို ကျော်ဖြတ်ပြီး ကလပ်အတွက် နိုင်ငံတော်သီချင်းသီဆိုခွင့်ကို ရရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ Malea လေးဟာ ကွင်းထဲမှာ အသံအားကောင်းမွန်စွာနဲ့ သီချင်းဆိုနိုင်အောင် လေ့ကျင့်ခဲ့တယ်လို့ ယူဆရပါတယ်။

ဂိမ်းကစားပွဲနေ့အရောက်မှာတော့ Malea ဟာ Galaxy ဂျာစီအင်္ကျီလေးကို ၀တ်ဆင်ပြီး ကွင်းထဲ ၀င်လာခဲ့ပါတယ်။ ကွင်းထဲမှာတော့ ကစားသမားတွေအားလုံးဟာ နိုင်ငံတော်သီချင်းကို အာရုံစိုက်ပြီး နားထောင်ဖို့ တန်းစီနေကြပါတယ်။ မကြာခင်မှာပဲ Malea ဟာ နိုင်ငံတော်သီချင်းကို စတင်သီဆိုပါတော့တယ်။ သူမက အသက်အရွယ်သာ ကလေးဖြစ်ပေမယ့် သီချင်းသံကတော့ အသက်နဲ့ မလိုက်အောင် ရင့်ကျက်စွာ သီဆိုနိုင်တာကို တွေ့ရပါတယ်။ အသံအတက်အကျ အနိမ့်အမြင့်တွေနဲ့ သီဆိုရတဲ့ အမေရိကန်ရဲ့ နိုင်ငံတော် သီချင်းကို လူတိုင်းသီဆိုနိုင်တာ မဟုတ်ပေမယ့် Malea ကတော့ အေးအေးဆေးဆေးလေးနဲ့ သီဆိုသွားတာကို တွေ့ရပါတယ်။

သီချင်းအပြီးမှာတော့ အားကစားကွင်းဟာ မီးရှူးမီးပန်းတွေကို အားပါးတရ ပစ်ဖောက်ခဲ့ပါတယ်။ Malea လေးရဲ့ နိုင်ငံတော် သီချင်းသီဆိုပုံဟာ မာန်ပါလွန်းလို့ ကလပ်ရဲ့ Galaxy တွစ်တာအကောင့်မှာ Malea ရဲ့ ဖျော်ဖြေမှုလေးကို တင်ပြထားပါသေးတယ်။ စာဖတ်သူတွေလည်း ဗီဒီယိုဖိုင်လေးကို ကြည့်လိုက်တဲ့အခါ ပါရမီထူးကဲလှတဲ့ သူမရဲ့ အနုပညာစွမ်းရည်တွေကို အခုလိုမြင်တွေ့ရမှာပါ။
MUST-WATCH: 7-year-old @MaleaEmma delivers one of the best 🇺🇸 national anthem performances in @StubHubCenter history. pic.twitter.com/SPTY2naMDA
— LA Galaxy (@LAGalaxy) September 24, 2018
လင်းလင်း (ShweMom)
Ref: inspiremore