ခြေတစ်ဖက်တည်းမှာ ခြေချောင်း(၉)ချောင်းပါလာတဲ့ အမျိုးသား ခွဲစိတ်မှုခံယူ

Twitter / NWIWURE BARINUA M

အမျိုးသားတစ်ယောက်ဟာ မွေးကတည်းက ခြေတစ်ဖက်မှာ ခြေချောင်း(၉)ချောင်းအထိ ပါဝင်လာခဲ့ပြီး ကာလရှည် သူခံစားခဲ့ရတဲ့ ဒုက္ခတွေကို ကျော်လွန်နိုင်ဖို့အတွက် အခုဆိုရင် ခွဲစိတ်မှုခံယူလိုက်ပြီလို့ သိရပါတယ်။ တကယ်တော့ သူ့မိဘတွေက အခုခွဲစိတ်မှုကို သဘောတူ ကျေနပ်ခဲ့တာတော့ မဟုတ်ပါဘူး။

အကြောင်းကတော့ သူတို့ဟာ ဒီလို ခြေချောင်းအပိုတွေ ပါလာခြင်းက သူတို့အတွက် ကံကောင်းခြင်းလက်ဆောင်လို့ ယုံကြည်ကြလို့ပါ။ ဒီလိုပဲ သူတို့ဟာ သားဖြစ်သူ မွေးမွေးချင်း ခြေချောင်း(၉)ချောင်း အပိုပါလာလို့ နားလည်တတ်ကျွမ်းတဲ့ ဒေါက်တာနဲ့ပြရမယ့်အစား ရှေ့ဖြစ်ဟောဆရာကို သွားမေးခဲ့တာပါ။

 

ရှေ့ဖြစ်ဟောဆရာကလည်း ဒါက မိုးနတ်မင်းက ပေးတဲ့လက်ဆောင်ပါဆိုပြီး ကျပ်လွှတ်လိုက်တာပါ။ သူ့အမည်ကိုတော့ Ajun လို့သာ ဖော်ပြထားပါတယ်။ ဇာတိကတော့ ဂွမ်ဒေါင်စီရင်စု၊ လူဖန်မြို့ ဖြစ်ပါတယ်။ သူ့မိဘတွေဟာ သူ့ခြေထောက်ကို ဆရာဝန်တွေဆီ မပြတော့ဘဲ၊ ဆက်ပြီးထားရှိခဲ့ပါတယ်။

(၁၀)နှစ်သားလောက်အရွယ်မှာ Ajun ဟာ ရှက်တက်လာပါပြီ။ ခြေထောက်ကလည်း နာကျင်တာကြောင့် ဖိနပ်မစီးနိုင်တော့ပါဘူး။ လူပျိုပေါက်အရွယ်ရောက်လာတော့ ရှက်တတ်တဲ့အပြင်၊ သူ့မှာ ကောင်မလေးတွေကိုလည်း ရဲရဲစိတ်ကူးမယဉ်ရဲပါဘူး။ သူဟာ ဘယ်ကောင်မလေးကိုမှ အခုအချိန်ထိ မ Date ဖူးသေးသလို၊ သူ့အဖြစ်ကို လှောင်ပြောင်မှာကိုလည်း ကြောက်နေပါတယ်။

ဒီလိုဒဏ်တွေကို မခံစားနိုင်တော့လို့ သူဟာ ဒေါက်တာတွေနဲ့ တိုင်ပင်ခဲ့ပါတယ်။ သူ့ကို တာဝန်ယူဖို့ဆုံးဖြတ်လိုက်တဲ့ ဒေါက်တာကတော့ Wu Xiang ဖြစ်ပါတယ်။ သူက ဒီလိုအဖြစ်ဟာ အတော်လေး ရှားပါးကြောင်း၊ တစ်ခြားဆေးရုံတွေက ဒီခြေချောင်းတွေကို တာဝန်ယူခွဲစိတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

အကြောင်းကတော့ ခွဲစိတ်ဖို့လွယ်ပေမယ့် ကြည့်ကောင်းဖို့မရှိလောက်ဘူးလို့ ပြောပြီး ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာ Wu ကတော့ အဖက်ဖက်က စမ်းသပ်ပြီး ခွဲစိတ်ပေးခဲ့ပါတယ်။ သူနဲ့ အကူဒေါက်တာတွေဟာ Ajun ကို ခွဲစိတ်ဖို့ (၉)နာရီကြာ အသုံးပြုခဲ့ရပါတယ်။ ခွဲစိတ်မှုရလဒ်ကိုလည်း Ajun က ကျေနပ်နေပါတယ်။ ပိုနေတဲ့ခြေချောင်းတွေကို ခွဲထုတ်လိုက်တာဖြစ်ပြီး၊ မကြာမီမှာ သူဟာ အင်္ဂါအပြည့်အစုံနဲ့ လူစဉ်မီမီဘဝကို ဖြတ်သန်းနိုင်တော့မှာပါ။

Ajun ဟာ မကြာမီမှာ ဆေးရုံက ဆင်းနိုင်မှာပါ။ ဒေါက်တာ Wu က မွေးကင်းစကလေးတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ ကိုယ်လက်အင်္ဂါကို ပိုင်ဆိုင်ထားတယ်ဆိုပါက မွေးပြီး (၃)လအကြာမှာ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ကာ ကုသမှုခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုတွေကိုတော့ တစ်နှစ်အကြာမှ ခွဲစိတ်နိုင်ပြီး၊ (၆)နှစ်နောက်ပိုင်းမှာ ခွဲစိတ်ဖို့ မလွယ်ကူတတ်ဖူးလို့ ပြောပါတယ်။

လင်းသုတ

SHARE