မုန်တိုင်းဒုက္ခသည်တွေအတွက် မီးစက်အလုံးပေါင်း(၁၀၀) လှူဒါန်းခဲ့တဲ့ အမည်မသိအလှူရှင်

facebook/Alec Sprague

အမည်မဖော်လိုသူ အမျိုးသားတစ်ဦးဟာ မြေထဲပင်လယ်ထဲက ဘဟားမားစ်နိုင်ငံမှာ မကြာသေးခင်က ဟာရီကိန်းဒိုရီယန်ကြောင့် ဒုက္ခရောက်နေကြတဲ့ မုန်တိုင်းဒုက္ခသည်တွေအတွက် မီးစက်နဲ့ အစားအသောက်၊ အ၀တ်အထည်တွေ လှူဒါန်းခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ အဲဒီလူက တစ်လုံးကို ဒေါ်လာ(၄၅၀) တန်တဲ့ မီးစက်အလုံးပေါင်း (၁၀၀) နဲ့အတူ ပဲ၊ ကော်ဖီ၊ ဆား၊ ငရုတ်ကောင်းနဲ့ အခြားစားသောက်ကုန်တွေကိုလည်း ဖလော်ရီဒါမှာ ၀ယ်ယူခဲ့ပါသေးတယ်။ စုစုပေါင်းတန်ဖိုးကတော့ ဒေါ်လာ(၄၉,၂၈၅) ရှိကြောင်း သိရပါတယ်။

facebook/Alec Sprague

အဆိုပါ အလှူရှင်အမျိုးသားဟာ လယ်သမားတစ်ဦးဖြစ်တယ်ဆိုတာကလွဲလို့ အခြားတော့ မသိရပါဘူး။ သူဟာ ဟာရီကိန်းဒိုရီယန်ကြောင့် ပျက်စီးနေတဲ့ အပျက်အစီးပုံတွေကို တွေ့မြင်ပြီးတဲ့နောက်မှာ သူတတ်နိုင်သလောက် အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့အမည်ကို ဖော်ပြဖို့ တောင်းဆိုတဲ့အခါမှာတော့ ဒီအမျိုးသားက သူဟာ လူအာရုံစိုက်ခံချင်တာမဟုတ်ပဲ ဒီအတိုင်းကူညီပေးချင်တာပါလို့သာဆိုပြီး အမည်ပြောဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

READ
မိဘရာထူးက နှုတ်ထွက်ချင်စိတ်ပေါက်မိတဲ့ အခိုက်အတန့်များ
facebook/Alec Sprague

“ပြဿနာတစ်ခု ကြုံရတဲ့အခါ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကူညီဖို့လိုတယ်။ ဒီတိုင်းထိုင်ကြည့်နေတာထက် တစ်ခုခုလုပ်ပေးတာက ပိုကောင်းပါတယ်။ ကိုယ်နို်င်သလောက်ပေါ့လေ…” လို့လည်း လယ်သမားကြီးက ပြောပြပါတယ်။

facebook/Alec Sprague

အခုလို သူလှူဒါန်းတဲ့ ကိစ္စကို လျှို့ဝှက်ထားပေမယ့် တစ်ကမ္ဘာလုံးသိသွားရတဲ့ အကြောင်းရင်းကတော့ အခုလိုပါ။ လယ်သမားကြီးက မီးစက်ဝယ်နေတုန်းမှာပဲ မီးစက်ဆိုင်ထဲ ပစ္စည်းလာကြည့်တဲ့ အဲလက်ခ်စပါ့ခ်ဆိုသူက မီးစက်တွေ ဒီလောက်အများကြီး ဘာလုပ်ဖို့လဲလို့ မေးမြန်းရာကနေ အခုလို လှူဒါန်းမယ့် အစီအစဉ်ကို သိရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲလက်ခ်က ဆိုရှယ်မီဒီယာပေါ်တင်ဖို့ ဓာတ်ပုံရိုက်ခွင့်တောင်းခဲ့ပေမယ့်လည်း လယ်သမားကြီးက သူ့ကျောဘက်ပိုင်းနဲ့ မီးစက်တွေကိုသာ ဓာတ်ပုံရိုက်ခွင့်ပြုစေခဲ့တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE