အင်ဒိုနီးရှားက ကမ်းခြေတွေမှာ အမှိုက်လိုက်ကောက်နေတဲ့ စပိုက်ဒါမန်းလူသား

youtube/NewZee PK

အင်ဒိုနီးရှားနိုင်ငံက ကော်ဖီဆိုင်တစ်ဆိုင်မှာ လုပ်နေတဲ့ အလုပ်သမားလေးတစ်ဦးဟာ စပိုက်ဒါမန်းဝတ်စုံဝတ်ဆင်ပြီး သဘာဝပတ်ဝန်းကျင်အရေးကို ထိန်းသိမ်းစောင့်ရှောက်နေသူပါ။ သူဟာ Parepare လို့ အမည်ရှိတဲ့ ကမ်းခြေရပ်ကွက်လေးတစ်ခုမှာ နေပါတယ်။ သူ့နာမည်က ဟာတိုနိုဖြစ်ပြီး အသက်ကတော့ (၃၆) နှစ်ရှိပါပြီ။

ဟာတိုနိုဟာ အစကတည်းက လမ်းတွေနဲ့ ကမ်းခြေတွေပေါ်မှာ ပြန့်ကြဲနေတဲ့ အမှိုက်တွေကို လိုက်ကောက်နေသူပါ။ သူ့နည်းတူပဲ တခြားလူတွေကိုလည်း အမှိုက်တွေကောက်ပြီး သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းစေလိုသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရိုးအ၀တ်အစားနဲ့ အမှိုက်တွေ လိုက်ကောက်ပြီး ကိုယ့်ရပ်ကွက် ကျေးရွာလေးကို သန့်ရှင်းရေးလုပ်နေတဲ့သူ့ကို ဘယ်သူမှ စိတ်မ၀င်စားကြပါဘူး။

youtube/NewZee PK

တစ်နေ့တော့ သူက အကြံတစ်ခုရပါတယ်။ သူ့အကြံက သူ့ကို နမူနာယူကာ အခြားရပ်ကွက်သူ ရပ်ကွက်သားတွေလည်း အမှိုက်လိုက်ကောက်ပြီး ကျန်းမာသန့်ရှင်းတဲ့သဘာဝပတ်ဝန်းကျင်ကို ဖန်တီးဖို့ပါ။ ဒါကြောင့် လူတွေစိတ်ဝင်စားမှုရအောင် စူပါဟီးရိုးဝတ်စုံဝတ်ပြီး အမှိုက်ကောက်ဖို့ ဟာတိုနိုက ဆုံးဖြတ်ခဲ့ပါတယ်။

READ
လူသားတွေရဲ့ ဖျက်ဆီးခံလိုက်ရပြီဖြစ်တဲ့ Tourist attraction နေရာများ

“ပထမတော့ ကျွန်တော် စပိုက်ဒါမန်း ၀တ်စုံဝတ်တာမဟုတ်ဘူး။ ဒီတိုင်း ရိုးရိုးပဲဝတ်တာဆိုတော့ လူတွေက ကျွန်တော်ပြောတာတွေ၊ ကျွန်တော်အမှိုက်ကောက်ဖို့ တိုက်တွန်းတာတွေ စိတ်မ၀င်စားကြဘူး…”

“ဒီဝတ်စုံ ၀တ်ပြီးနောက်မှ လူတွေအများကြီးက ကျွန်တော့်လုပ်နေတဲ့ အမှိုက်ကောက်အလုပ်ကို စိတ်ဝင်စားလာကြတာ…” လို့ အနီနဲ့ အပြာဝတ်စုံကို ၀တ်ထားတဲ့ စပိုက်ဒါမင်းက ဆိုပါတယ်။

youtube/NewZee PK

အင်ဒိုနီးရှားနိုင်ငံဟာ အမှိုက်ကိစ္စနဲ့ ပတ်သက်လို့ စနစ်တကျလုပ်ဆောင်မှု နည်းပါးပါတယ်။ အမှိုက်တွေ ပလတ်စတစ်တွေဟာ မြစ်ချောင်းနဲ့ သမုဒ္ဒရာတွေထဲမှာ အိုင်နေပါတယ်။ အင်ဒိုနီးရှားက ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတွေထဲမှာ နံပတ် (၄) နေရာချိတ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း အမှိုက်တန်ချိန် (၃.၂) သန်းထွက်ပြီး အမှိုက်တွေကို ပင်လယ်တွင်းမှာပဲ စွန့်ပစ်ကြကြောင်း (၂၀၁၅) ခုနှစ် သိပ္ပံဂျာနယ်တစ်ခုအရ သိရပါတယ်။

READ
နေ့လည်ခင်းမှာတောင် ခြောက်ခြားဖွယ်ကောင်းလောက်အောင် မှောင်ပိန်းနေတဲ့ ဘရာဇီးမြို့ကြီး

ဟာတိုနိုကတော့ တစ်နေ့ထက် တစ်နေ့ အမှိုက်တွေနဲ့ ပြည့်လာတဲ့ သူ့ပတ်ဝန်းကျင်အတွက် သန့်ရှင်းရေးလုပ်ဖို့ သတိပြုမိသူပါ။ သူဟာ သူရဲ့ ကော်ဖီဆိုင်အလုပ် ည(၇) နာရီမတိုင်ခင် စပိုက်ဒါမန်းဝတ်စုံဝတ်ကာ အမှိုက်တွေ လိုက်ကောက်လေ့ရှိပါတယ်။ သူ့ရဲ့ စွမ်းဆောင်မှုကြောင့် အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းကိစ္စအကြောင်း တစ်နိုင်ငံလုံးက သတိပြုမိခဲ့ကြကြောင်းလည်း Yahoo News ရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။

လင်းလင်း (ShweMom)

SHARE