ဇနီးကိုခိုးပြေးတဲ့ လင်ငယ်ရဲ့ကားနောက်ကနေ ဂျိမ်းစ်ဘွန်းစတိုင် စီးသွားခဲ့တဲ့သူ

Twitter / Jboneline

စင်္ကာပူနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြန်နေတာကို သံသယဝင်တဲ့အတွက် သူမ သွားလေရာကို နောက်ယောင်ခံပြီး မသိအောင်လိုက်လံ စုံစမ်းခဲ့ရာ၊ သူ့အထင် မှန်ကန်နေတာကို တွေ့ရပါတယ်။ ဇနီးဖြစ်သူဟာ သူမရဲ့ခင်ပွန်းမသိအောင် အမျိုးသားတစ်ယောက်နဲ့ ဇာတ်လမ်းတွေဖြစ်နေခဲ့တာဖြစ်ပြီး နောက်ကွယ်မှာ အကြိမ်ကြိမ် ချိန်းတွေ့နေခဲ့တာပါ။

ခင်ပွန်းသည်ဟာ ဇနီးနောက်ကနေ နောက်ယောင်ခံလိုက်ရင်း Upper Serangoon မှာတည်ရှိတဲ့ Fragrance Hotel Kovan ထဲကို ဝင်သွားတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူဟာ ဟိုတယ်အပြင်ဘက်ကနေ တစ်နာရီလောက်ကြာအောင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ပြီး၊ ဇနီးနဲ့ ဖောက်ပြန်နေတဲ့အမျိုးသားတို့ပြန်အထွက်အလာကို စောင့်ဆိုင်းနေခဲ့ပါတယ်။

 

သူရဲ့သူငယ်ချင်းတစ်ဦးကိုတော့ ဟိုတယ် မျက်နှာစာအဝင်ပေါက်ကနေ စောင့်ခိုင်းခဲ့ပြီး၊ သူက ဟိုတယ် နောက်ကျော ကားပါကင်ဘက်နေ စောင့်ဆိုင်းနေခဲ့တာပါ။ တစ်နာရီလောက်အကြာမှာ ဇနီးဖြစ်သူနဲ့သူမရဲ့တိတ်တိတ်ပုန်းချစ်သူတို့ဟာ ဟိုတယ်ပေါ်ကနေအတူ ဆင်းလာခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်က ကားတစ်စီးထဲကို ခပ်သွက်သွက် ဝင်သွားကြတယ်။

လက်ပူးလက်ကြပ်ဖမ်းဖို့စောင့်နေတဲ့ ခင်ပွန်းသည်ဟာ ချက်ချင်း ကားအနီးကို ချင်းကပ်ပြီး၊ နှစ်ယောက်စလုံးကို ဆဲရေးတိုင်းထွာကာ အပြင်ကို ထွက်လာခဲ့ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ အဲဒီမှာနှစ်ယောက်စလုံးက တံခါးတွေကို ဖွင့်မပေးဘဲ နေရာကနေ ကားကို အရှိန်ပြင်းစွာ မောင်းထွက်သွားကြတာပါ။

ဒီအခါမှာတော့ ခင်ပွန်းသည်ဟာ ကားကို ခိုတွယ်ပြီး ဂျိမ်းစဘွန်းစတိုင် စီးနင်းလိုက်ပါသွားခဲ့ရာ၊ မိနစ်(၄၀)လောက် တွယ်ကပ် စီးနင်းနိုင်ခဲ့ပြီး ခရီးအားဖြင့် (၇)ကီလိုမီတာ သို့မဟုတ် (၄)မိုင်ခွဲခန့်အထိ ဒီအတိုင်း တွယ်ကပ်လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ အဲဒီအတောအတွင်းမှာ သူ့ကို အောက်ပြုတ်ကျအောင် ဘရိတ်အုပ်တာတွေ၊ ကားကို ရမ်းခါပြီး မောင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် သူကတော့ ပြုတ်မကျအောင် ကိုင်ထားနိုင်ခဲ့တာပါ။

ညနေ (၃.၀၄)နာရီမှာ ရဲက ကားကို ရပ်တန့်စစ်ဆေးနိုင်ခဲ့ပြီး၊ အားလုံးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖောက်ပြန်တဲ့အမျိုးသားရဲ့နာမည်ကိုတော့ Desmond Koh Wee Boon လို့ ဖော်ပြထားပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ဇနီးရဲ့အမည်ကိုတော့ သတင်းမှာ ထုတ်ဖော်ရေးသားခြင်း မရှိပါဘူး။

ခင်ပွန်းဟာ ရဲစခန်းအချုပ်ခံနေရစဉ်မှာ Hyperventilation ရောဂါအခံကြောင့် သတိလစ်လဲကျခဲ့လို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ နောက်တော့ သူ့ကို ရဲက လွှတ်ပေးခဲ့ပြီး၊ Boon ကိုတော့ ရုံးတင်စစ်ဆေးခဲ့ရာ၊ ထောင်ဒဏ်(၁၁)လနဲ့ (၂)နှစ်တာအတောအတွင်း ကားမောင်းလိုင်စင် ပိတ်သိမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူတို့ ဇနီးမောင်နှံနှစ်ယောက်ဘာတွေ ဆက်ဖြစ်တယ်တော့ တိတိကျကျ မသိရပါဘူး။

လင်းသုတ

SHARE