Endgame ကိုကြည့်ရင်း အိပ်ပျော်သွားသူ ရုပ်ရှင်ရုံထဲမှာ ပိတ်မိကျန်နေခဲ့တဲ့အဖြစ်

ကမ္ဘာကျော်ဇာတ်ကားကြီးဖြစ်တဲ့ Avengers: Endgame ကို ကြည့်ရဖို့ Marvel Fan တွေဟာ လက်မှတ်ရဖို့ တန်းစီစောင့်ဆိုင်းရ၊ ကြိုတင်လက်မှတ်တွေ ဈေးကြီးပေးဝယ်ရ၊ အလုပ်ပျက်ခံပြီး သီးခြားသွားကြည့်ရနဲ့ သဲသဲမဲမဲဖြစ်နေချိန်မှာ ဒီလူကတော့ Fan တွေရဲ့ မေတ္တာတော် အပွားခံရတော့မှာ အမှန်ပါဘဲ။

အဆိုပါ အမျိုးသားဟာ အသက်(၂၃)နှစ်အရွယ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ(၆)ရက်မှာ Endgame ကိုကြည့်ဖို့ လက်မှတ်ဝယ်ယူခဲ့တာပါ။ သူဟာ Zhejiang က ရုပ်ရှင်ရုံမှာ ဒီဇာတ်ကားကို ဝင်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ကားစပြလို့ ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်လို့ ဆိုပါတယ်။

YouTube

သူဟာ ည(၉)နာရီဇာတ်ကားကို ကြည့်ရှုခဲ့တာဖြစ်ပြီး ရုံဝင်ပရိသတ်တွေ ပြန်သွားချိန်မှာတောင် အိပ်လို့ကောင်းတုန်းပါ။ နောက် တစ်ယောက်တည်း ရုပ်ရှင်ရုံထဲမှာ ပိတ်ပြီးကျန်ခဲ့ရတဲ့အဖြစ်ပါ။ သတင်းမှာတော့ သူဟာ အတော်လေး ပင်ပန်းနေလို့ ဇာတ်ကားကို အာရုံမစိုက်နိုင်ဘူးလို့ ဆိုပါတယ်။

တစ်ယောက်တည်း ရုံထဲမှာ ယောင်လည်လည် ကျန်ရစ်တော့ သူဟာ ပင်မဝင်ပေါက်ကို အမှောင်ထဲမှာ ရှာခဲ့ပါတယ်။ တံခါးကို လွယ်လွယ်ကူကူတွေ့ခဲ့ပေမယ့် သော့ခတ်ထားပြီးပါပြီ။ နောက်တော့ သူ ဘယ်လိုမှအဆင်မပြေတော့တာကြောင့် ရဲကို ခေါ်ခဲ့ရပါတယ်။ အဲဒီနောက်မှ သူဟာ အပြင်ကို ထွက်လာခွင့် ရပါတော့တယ်။

Avengers: Endgame ဇာတ်ကားဟာ Box Office မှာ ယခင်က ဝင်ငွေစံချိန်တင်ခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားရဲ့ ဝင်ငွေစံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားဟာ ရုပ်ရှင်သမိုင်းမှာ လူစိတ်ဝင်စားမှုအများဆုံး ရရှိခဲ့တဲ့ဇာတ်ကား ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ရုံနဲ့ ဇာတ်ကားရဲ့ မူလအရည်အသွေးကတော့ ပရိသတ်အကြိုက် ဖြစ်နေဦးမှာလို့ ယူဆမိပါတယ်။

လင်းသုတ (Shwemom)

READ
ကောင်မလေးကို နောက်ကလိုက်ဆွဲသူ ကောင်မလေးရဲ့ လက်သီးစာမိပြီး ပြန်ပြေးခဲ့ရ

Source : worldofbuzz.com , SCMP

SHARE