မီးဖိုပေါ်ကချပြီးကာစ Fishcake ကို ချက်ချင်းစားမိလို့ လည်ချောင်းပူပြီး သေဆုံးခဲ့သူ

Twitter / Tag24

မင်္ဂလာပွဲကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ Darren Hickey အမည်ရ အမျိုးသားကတော့ အငွေ့တစ်ထောင်းထောင်းနဲ့ အလွန်ပူတဲ့ Fishcake ကို အငမ်းမရ စားခဲ့ပြီးနောက်၊ လည်ချောင်းထဲမှာ အပူလောင်နာဖြစ်ပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ဒီအစားအစာကို စားစားပြီးချင်း သေဆုံးတာမျိုးတော့ မဟုတ်ပါဘူး။ သူဟာ ဆေးရုံကို အမြန်ပြေးခဲ့ရပါသေးတယ်။

Hickey ဟာ အသက်(၅၁)ဖြစ်ပြီး၊ ပရဟိတသမားဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဧပြီလက ပရဟိတအစည်းအဝေးပြီး၊ နေ့လည်စာစားစဉ် စားဖိုမှူးက အလွန်ပူတဲ့ Fishcake ကို တည်ခင်းခဲ့တာပါ။ ဒီနေရာမှာ စားဖိုမှူးရဲ့အပြစ် မဟုတ်ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အစားအစာဆိုရင် ပူပူနွေးနွေးချပေးမှ စားသုံးသူက သဘောကျပါတယ်။

အဲဒီကိတ်ကို Hickey တစ်ယောက် အငမ်းမရစားလိုက်ပါတယ်။ အပူရှိန်ကြောင့် လည်ချောင်းထဲက အသံအိုးဟာ ချက်ချင်း ရောင်ကိုင်းလာပါတယ်။ နောက်တော့ သူဟာ အသက်ရှုရတာ မဝတော့သလို ဖြစ်လာတာကြောင့် Chorley Hospital ဆေးရုံကို အမြန်ပြေးခဲ့ရပါတယ်။ ဒါပေမယ့် ဒေါက်တာတွေက ပါရာစီတမောလ်ဆေးပြားလောက်သာ ပေးပြီး အိမ်ပြန်လွှတ်ခဲ့ပါတယ်။

READ
ကြွေးကိစ္စရှင်းသွားပြီဖြစ်လို့ အရပ်သားချစ်သူနဲ့ လက်ထပ်နိုင်တော့မယ့် ဂျပန်မင်းသမီး

ဒီနေရာမှာတော့ ဆရာဝန်တွေရဲ့ အပြစ်လို့ ပြောလို့ရပါတယ်။ သူတို့သာ သေသေချာချာ စစ်ဆေးခဲ့ရင် နောက်ထပ်ဆိုးကျိုးတွေ ဖြစ်လာဖို့မရှိပါဘူး။ Hickey ဟာ အိမ်ကိုပြန်ရောက်ချိန်မှာ လည်ချောင်းထဲက အသံအိုးရောင်ရမ်းမှုဟာ ပိုဆိုးလာပြီး ည(၉)နာရီလောက်မှာ ချောင်းတွေ တဟွတ်ဟွတ်ဆိုးကာ အရေးပေါ်အခြေအနေ ဖြစ်လာပါတော့တယ်။

Hickey ကို လုပ်ဖော်ကိုင်ဘက် Neil Parkinson က ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့်၊ လည်ချောင်းထဲကို ကိရိယာထိုးသွင်းပြီး ကြည့်ဖို့တောင် မလွယ်တော့ပါဘူးတဲ့။ ဒီလိုနဲ့ Hickey ဟာ နာရီပိုင်းအကြာမှာ သေဆုံးသွားပါတော့တယ်။ ကျွမ်းကျင်ဒေါက်တာတစ်ဦးရဲ့အပြောအရ ဒီဖြစ်စဉ်မျိုးဟာ အလွန်ဖြစ်ခဲကြောင်း အိမ်မီးလောင်မှုမှာ ဒဏ်ရာရရှိခဲ့သူတွေလို၊ ဒါမှမဟုတ် မီးခိုးတွေကို ရှူသွင်းခဲ့မိသူတွေလို အခြေအနေမျိုးဖြစ်ပြီး အသက်ရှုလမ်းကြောင်းကို လောင်ကျွမ်းခံရတာလို့ ဆိုပါတယ်။ ဒီအမှုကို Bolton Coroners’ Court မှာ ဆက်လက်စစ်ဆေးဖို့ ရှိကြောင်း သိရပါတယ်။ ဒါပေမယ့် တရားရုံးမှာတော့ “ရုတ်တရက်သေဆုံးခြင်း”ခေါင်းစဉ်နဲ့သာ အမှုဖွင့်ထားပါသတဲ့။

လင်းသူရိန်

SHARE