လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါကြီးကြောင့် လူတော်တော်များများရဲ့ စီးပွားရေးက ကျပ်တည်းလျက် ရှိပါတယ်။ လုပ်ငန်းရှင်တော်တော်များများရဲ့ ကုမ္ပဏီတွေဟာလည်း ဒေဝါလီခံလိုက်ရသလို ဝန်ထမ်းတွေခမျာမှာလည်း အလုပ်ထုတ်ခံရ၊ လစာတွေက အပြည့်မရလိုက်နဲ့ တော်တော်လေးကို ဒုက္ခရောက်ကြရပါတယ်။ ဒီလိုမျိုး အလုပ်အထုတ်ခံရတဲ့ လူတွေထဲမှာလည်း အိန္ဒိယနိုင်ငံက Aditya Chandane လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် Aditya ဟာ သူ့ရဲ့ ဝါသနာအရင်းခံပြီး အဆိုပါ ဝါသနာကို စီးပွားရေးဖက် ကူးပြောင်းလိုက်တဲ့အခါမှာ တော်တော်လေးကို ဝင်ငွေဖြောင့်သွားခဲ့ကြောင်း Times Of India သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Aditya ဟာ အစပိုင်းမှာတော့ Business Analyst အဖြစ် ကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေခဲ့ပါတယ်။ ဒါပေမယ့် COVID 19 ကပ်ရောဂါဖြစ်နေတဲ့ ကာလမှာ Aditya လုပ်နေတဲ့ ကုမ္ပဏီဟာ ဝန်ထမ်းဦးရေ လျှော့ချခဲ့ပြီး အဲဒီလို လျှော့ချခဲ့တဲ့အထဲမှာ Aditya တစ်ယောက်လည်း ပါဝင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ Aditya ဟာ အလုပ်ပြုတ်သွားခဲ့သော်လည်း ဒီအတိုင်းထိုင်နေလို့ မဖြစ်မှန်း သိတဲ့အခါ သူဝါသနာပါတဲ့ ဒရုန်းပျံသန်းတဲ့ ပညာကို သေသေချာချာ လေ့လာလိုက်စားခဲ့သလို သူစုထားတဲ့ ပိုက်ဆံနဲ့ ဒရုန်းကောင်းကောင်းတစ်ခု ဝယ်ယူခဲ့ပါတယ်။

ဒီလိုနဲ့နောက်ဆုံးမှာတော့ Aditya ဟာ သူ့ရဲ့ကြိုးစားမှုကြောင့် ဒရုန်းနဲ့ ဓာတ်ပုံရိုက်တာတို့၊ ဒရုန်းနဲ့ ဗီဒီယိုရိုက်ကူးတာတို့မှာ တော်တော်လေး ထူးချွန်ခဲ့ပါတယ်။ ဒါ့ကြောင့် Aditya ဟာသူ့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုဖွင့်ခဲ့ပြီး ဒရုန်းနဲ့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်တာတို့၊ ရှုတင်ရိုက်ကူးရေးတို့ အစရှိတာတွေကို လက်ခံခဲ့ပါတယ်။ “ကျွန်တော်က ငယ်ငယ်လေးကတည်းက လေယာဉ်ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပြီး ဒီလိုပျံသန်းတဲ့ကိစ္စတွေကို တော်တော်လေး စိတ်ဝင်စားခဲ့သူပါ။ COVID 19 ကာလမှာ အလုပ်ပြုတ်ခဲ့ပေမယ့် ကျွန်တော်အချိန်မှီ နလန်ပြန်ထူနိုင်ခဲ့ပါတယ်။ ကျွန်တော့်ကို ယုံကြည်ပြီး အလုပ်အပ်ခဲ့တဲ့ လူတွေကို ကျွန်တော်တစ်ကယ်ကျေးဇူးတင်ပါတယ်”လို့ Aditya က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw