အသက်(၈၀)ကျော်အဖိုးအိုဟန်ဆောင်ပြီး အမေရိကန်နိုင်ငံထဲကိုခိုးဝင်ဖို့ကြိုးစားတဲ့ အမျိုးသား

twitter/CSF

အသက်(၈၁နှစ်အရွယ် အဖိုးကြီးတစ်ဦးလိုရုပ်ဖျက်ကာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဆီ ပျံသန်းမယ့် လေယာဉ်နဲ့ လိုက်ပါဖို့ ကြိုးစားခဲ့သူ လူငယ်တစ်ဦးကို နယူးဒေလီလေဆိပ်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ အဖိုးအိုအဖြစ် ဟန်ဆောင်သူ အမျိုးသားဟာ အသက်(၃၂နှစ်အရွယ် ဂျာရက်ရှ်ပါတယ်ဆိုသူ ဖြစ်ကာ သူဟာ ၀ှီးချဲလ်နဲ့ လေယာဉ်ပေါ်လိုက်ပါစီးနင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

twitter/CISF

ဂျာရက်ရှ်ပါတယ်ဟာ ဖေဖော်ဝါရီလ (၁၉၃၈ခုနှစ်မွေးရက်စွဲနဲ့ အမ်ရစ်ခ်ဆင်းအမည်ရတဲ့ ပတ်စ်ပို့အတုကို ကိုင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ပါတယ်ဟာ သူ့ရဲ့ မုတ်ဆိတ်တွေကို ဆေးဖြူဆိုးပြီး မျက်မှန်တပ်ထားတဲ့အပြင် ခေါင်းပေါင်းလည်း ပေါင်းထားပြီး ၀ှီးချဲလ် စီးလာခဲ့တာ ဖြစ်ပါတယ်။ ဒေသခံသတင်းဌာနတစ်ခုအရ Central Industrial Security Force (CISF) က ပါတယ်ကို စစ်ဆေးရန် မတ်တပ်ရပ်ဖို့တောင်းဆိုရာမှ ပါတယ်က သူဟာ မတ်တပ်တောင် မရပ်နိုင်တော့လောက်အောင် အသက်ကြီးနေပါပြီလို့ ပြောခဲ့တာကြောင့် CISF မှ တာဝန်ရှိသူတွေက စတင်သံသယ၀င်ခဲ့တာ ဖြစ်ပါတယ်။

twitter/CISF

ဒါ့အပြင် လက်ထောက်စစ်ဆေးရေးမှူး ရာ့ဂျာ်ဗီယာဆင်းရဲ့ ပြောဆိုပုံအရ ပါတယ်ဟာ စစ်ဆေးရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ် ကာလတစ်လျှောက်လုံးမှာလည်း မျက်လုံးအကြည့်တွေ လွှဲထားကြောင်း ဆိုပါတယ်။ ပါတယ်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အသားအရည်ဟာလည်း ဓာတ်ပုံထဲမှာ ဖော်ပြထားတာထက် ပိုငယ်သယောင် ထင်နေရတာကြောင့် အရာရှိတွေက ပိုပြီးသင်္ကာမကင်း ဖြစ်ခဲ့ကြတာပါ။

twitter/CISF

ဒါကြောင့် အသေးစိတ်စုံစမ်းမေးမြန်းမှူတွေ ထပ်မံပြုလုပ်ဖို့အတွက် ပါတယ်ကို လ၀ကအရာရှိတွေဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အဖိုးအိုအယောင်ဆောင်သူ ပါတယ်ဟာ သူ့အမည်မှန်နဲ့ သူဟာ ဂူဂျာရတ်ပြည်နယ်သားဖြစ်ကြောင်း ပြောပြခဲ့ရတာပါ။ အဖြစ်အပျက်အလုံးစုံကတော့ ပါတယ်ဟာ သူ့ကို ပတ်စ်ပို့အတုပြုလုပ်ပေးဖို့ အေးဂျင့်ဆီ အပ်ခဲ့ကြောင်း၊ အေးဂျင့်က ပြုလုပ်ပေးမည်ဖြစ်ကြောင်းနဲ့ တကယ်လို့ ပါတယ်ဟာ အမေရိကန်နိုင်ငံထဲ ချောချောမွေ့မွေ့ ရောက်သွားခဲ့ရင် အကျိုးဆောင်ခအဖြစ် ဒေါ်လာ(၄၁,၇၅၂လွှဲပေးဖို့ နှစ်ဖက် သဘောတူထားကြောင်း သိရပါတယ်။ လ၀က အရာရှိတွေက အခုလို ရုပ်ဖျက်သွားရတဲ့ အကြောင်းရင်းကို မေးတဲ့အခါမှာတော့ ပါတယ်က သူဟာ အမေရိကန်မှာ အလုပ်သွားလုပ်ချင်လို့ ဖြစ်ကြောင်း အဖြေပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ပါတယ်ဟာ လ၀ကရဲ့ ထိန်းသိမ်းမှူအောက်မှာ ရှိနေတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE