တစ်စုံတစ်ယောက်ကို ချစ်ကြောင်းကြိုက်ကြောင်း ပြောမယ်ဆိုရင် နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ခံစား ချက်ချင်း တူညီနေချိန်နဲ့ ကိုက်ညီရမယ့်အပြင်၊ သူကလည်း ဒီစကားပြောတော့မယ်ဆိုတာ ကြိုသိပြီး ရင်တွေ ဗရမ်းဗတာ ခုန်နေတဲ့ အချိန်မျိုးမှာ ပိုပြီး ရိုမန့်တစ်ဆန်တယ်လို့ ဆိုချင်ပါတယ်။
Alex Bartholomew အမည်ရတဲ့ အမျိုးသားကြီးကတော့ အဲဒီအချက်တွေ ကိုက်ညီနေတဲ့အပြင် လေဆင်နှာမောင်းကြီး တဟီးဟီးနဲ့ ဦးတည်လာနေတာကို မြင်ရတဲ့ စိတ်အလွန်လှုပ်ရှားဖွယ်ရာ အချိန်မျိုးမှာ ချစ်သူကို ပရိုပို့စ်လုပ်ခဲ့ပါတယ်။ ဒါဟာ သဘာဝအန္တရာယ် လေဆင်နှာမောင်းကြောင့် စိတ်လှုပ်ရှားနေရတဲ့ အမျိုးသမီးကို၊ လူတွေရဲ့သဘာဝကနေ ဖြစ်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ၀န်းရံပွေ့ဖက်ထားမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးလို့ ကိုယ်လိုရာဆွဲတွေးလိုက်လို့ရပါတယ်။
သူတို့နှစ်ယောက်စလုံး အမေရိကန် McClean, Texas က လမ်းခုလတ်တစ်နေရာမှာ ရောက်နေစဉ်၊ မည်းမှောင်နေတဲ့ လေဆင်နှာမောင်းကြီးကို တစ်မိုင်အဝေးက လှမ်းမြင်နေရပါတယ်။ အဲဒီအချိန်မှာ Alex က ချစ်သူရှေ့မှာ မပြောမဆို ဒူးထောင်ထိုင်ချလိုက်ပြီး ရင်ဖွင့်ချစ်စကား ဖွင့်ဟခဲ့တာပါ။
ချစ်ရတဲ့ Britney Fox Cayton ကလည်း အစကနဦးတုန်းကတော့ အံ့သြနေပါတယ်။ Alex က ” ကျနော်က လေဆင်နှာမောင်းကို မကြောက်ပါဘူး … ဒါကြောင့်လည်း ကျနော်ရဲ့ မသိတဲ့အာရုံတစ်ခုက ဖွင့်ပြောဖို့ တွန်းအားပေးခဲ့ တာပါ … “လို့ ထုတ်ဖော်ခဲ့ပါတယ်။
Alex က ဆက်လက်ပြီး ” ကျနော်က အချစ်နှစ်ကို ပေါင်းစပ်ချင်တာပါ .. သဘာဝရဲ့မိခင်လို့ပြောလို့ရတဲ့ မုန်တိုင်းနဲ့ Britney ကို ရိုက်ချက်တစ်ခုတည်းနဲ့ ပေါင်းစပ်ပြချင်ခဲ့တာ … တကယ်တော့ ကိုယ်နဲ့အတူတူ ဘ၀တစ်ခုလုံးမြှုပ်နှံ မယ့်သူကို တောင်းဆိုရတာ စိတ်လှုပ်ရှားစရာ အလွန်ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒီဓာတ်ပုံကို သူတို့ရဲ့ သူငယ်ချင်း Jason Cooley က ပုံဖော်ရိုက်ကူးခဲ့တာပါ။ Jason က ” အမှန်တော့ ကျနော် အနီးကပ်ပြီး မရိုက်ရဲဘူးဗျ … “လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် Alex ဟာ Britney ရဲ့ အချစ်ကို ရယူပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ ဒီအတွက် သူတို့နှစ်ဦးစလုံးဟာ တိုက်တိုက်ဆိုက်ဆိုင် လေဆင်နှာမောင်းကိုပဲ ကျေးဇူးတင်နေမလား၊ သို့မဟုတ် သူငယ်ချင်းဖြစ်တဲ့ ဓာတ်ဆရာ Jason Cooley ကို ကျေးဇူးတင်နေမလား …?။
နတ်စည်တော် (Shwemom)
source : PEOPLE/indiatimes.com