
လက်ထပ်ခွင့်တောင်းခံတဲ့ အချိန်ခဏလေးဟာ ချစ်သူနှစ်ယောက်စလုံးရဲ့ ကြည်နူးစရာအကောင်းဆုံး အခိုက်အတန့် အချိန်လေးတစ်ခုပါပဲ။ အဲဒီအချိန် ခဏလေးဟာ တစ်သက်လုံးမှာ ၂ ခါပြန်မရနိုင်တဲ့ အချိန်ကာလတစ်ခုပါပဲ။ တစ်ချို့ကတော့ နှစ်ယောက်တည်း ရှိနေတဲ့ အချိန်မျိုးမှာမှ အေးအေးဆေးဆေး လက်ထပ်ခွင့်တောင်းခံကြသလို တစ်ချို့ကျပြန်တော့လည်း public area လိုမျိုးနေရာမှာ လက်ထပ်ခွင့်တောင်းခံကြတာ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ သူ့ရဲ့ ချစ်သူကောင်လေးကို ကိုဗစ်ကာကွယ်ဆေးထိုးခါနီး အချိန်ခဏလေးအတွင်းမှာတင် လက်ထပ်ခွင့်တောင်းခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လက်ထပ်ခွင့်တောင်းခံခဲ့တဲ့ အမျိုးသားကတော့ အသက် ၃၁ နှစ်အရွယ်ရှိ Robbie Vargas-Cortes အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Robbie ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သူ့ရဲ့ ချစ်သူအမျိုးသား Eric Vanderlee ရှိရာ Ohio ပြည်နယ်၊ Canton မြို့ရှိ Sanford Canton-Inwood Medical Center မှာ အလုပ်လုပ်နေတာဖြစ်ပြီး လက်ရှိမှာတော့ COVID 19 ရောဂါကာကွယ်ဆေးထိုးဖို့ တာဝန်ယူထားရသူ တစ်ယောက်ဖြစ်ပါတယ်။ Robbie နဲ့ Eric ဟာ တွဲလာတာ ၅ နှစ်ကျော် ရှိလာခဲ့ပြီဖြစ်ပြီး Robbie ဖက်ကနေ Eric ကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Robbie ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ Eric ရှိရာ ဆေးရုံသို့ လာရောက်ပြီး COVID 19 ကာကွယ်ဆေးထိုးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် Robbie လက်ထပ်ခွင့်တောင်းမယ်ဆိုတာကိုတော့ Eric တစ်ယောက် ကြိုမသိခဲ့ပါတယ်။ ဒီလိုနဲ့ Robbie တစ်ယောက် ကာကွယ်ဆေးထိုးခါနီးအချိန်မှာ အင်္ကျီလက်မောင်းကို အပေါ်သို့တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Eric ဟာ Robbie လက်မောင်းမှာ တိပ်နဲ့ တစ်ခုခုကို ပတ်ထားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီတိပ်ကို ဖြည်လိုက်တဲ့အခါမှာတော့ တိပ်ထဲမှာ လက်စွပ်လေးကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီအချိန်မှာ Robbie ကလည်း Eric ကို သူတို့အနေနဲ့ တွဲလာတာ ကြာပြီဖြစ်တာကြောင့် လက်ထပ်ချင်ကြောင်း၊ Eric အနေနဲ့ သူ့ကို လက်ထပ်နိုင်မလားလို့ မေးတဲ့အချိန်မှာ Eric ကလည်း Robbie ရဲ့ လက်ထပ်ခွင့်ကို ခေါင်းညိတ်ကာ လက်ခံခဲ့ပါတယ်။
“ရုတ်တရက်ဆိုတာ့ လူက ထူပူသွားတာပဲ။ တော်တော်လေးလည်း ပျော်ရွှင်ရတဲ့ အခိုက်အတန့်တစ်ခု ဖြစ်သလို တော်တော့်ကို စိတ်လည်းလှုပ်ရှားရပါတယ်။ ကျွန်တော့်အနေနဲ့လည်း Robbie ကို အများကြီး ချစ်ပါတယ်။ ဒါပေမယ့် သူ့ဖက်ကနေ ဒီလိုမျိုး လက်ထပ်ခွင့်တောင်းခံခဲ့မယ်ဆိုတာကို လုံးဝကြိုမသိခဲ့ရပါဘူး။ ဘဝမှာ လုံးဝမမေ့နိုင်လောက်တဲ့ အခိုက်အတန့်တစ်ခုကို ဖန်တီးပေးခဲ့လို့ Robbie ကို အရမ်းကျေးဇူးတင်သလို အရမ်းလည်း ချစ်ရပါတယ်”လို့ Eric က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw