ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ချစ်ဇနီးကို နည်းပညာကျေးဇူးကြောင့် ပြန်တွေ့ခွင့်ရခဲ့သူ

YouTube-MBClife

တစ်စုံတစ်ယောက်ကို ဘဝထဲကနေ အပြီးပိုင်ဆုံးရှုံးခဲ့ဖူးကြလား။ လူတွေရဲ့ သံယောဇဉ်ကြောင့် လူ့လောကထဲက ချစ်ရတဲ့လူ တစ်ယောက်ယောက်များ အရင်ထွက်သွားရတဲ့အခါ ဘယ်လောက်တောင် ရထဲမှာ နာကျင်ခံစားရတယ်ဆိုတာ ကြုံဖူးမှ သိကြမှာပါ။ အဲဒီလူနဲ့များ နောက်ဆုံးတစ်ခေါက်လောက်လေးပဲ ပြန်တွေ့မယ်ဆိုရင်တောင် ပြန်တွေ့ချင်တဲ့လူတွေချည်းပါပဲ။

ဒီအခွင့်အရေးကိုတော့ တောင်ကိုရီးယားမှ အမျိုးသားတစ်ယောက်က ကံကောင်းစွာနဲ့ရရှိခဲ့ပါတယ်။ အသ် ၅၁ နှစ်အရွယ် အမျိုးသားကြီးရဲ့ ချစ်ဇနီးနဲ့ပြန်ဆုံကြတဲ့ ဗီဒီယိုကိုကြည့်ပြီးတော့ လူမှုကွန်ယက်တွေမှာ ရင်နင့်ခံစားသွားတဲ့သူတွေ အများကြီးပါပဲ။

YouTube- MBClife

အမျိုးသားကြီးနာမည်ကတော့ Kim Jung Soo ပါတဲ့။ သူဟာ MBC ရဲ့ documentary စီးရီးတစ်ခုဖြစ်တဲ့ “I Met You” မှာ ပါဝင်ဖို့အတွက် အကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီအစီအစဉ်ဟာ ချစ်ရတဲ့လူတွေကို ဆုံးရှုံးလိုက်ရတဲ့ကျန်ရစ်သူမိသားစုတွေအတွက် အထူးပြုလပ်ထားခဲ့အစီအစဉ်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ နည်းပညာကိုအသုံးပြုပြီး လူ့လောကထဲကထွက်သွားကြတဲ့ လူတွေကို ပြန်လည်မြင်တွေ့နိုင်မှာမလို့ပါ။

အမျိုးသားကြီး Kim ကတော့ ချစ်ဇနီးကွယ်လွန်ပြီးနောက် သားသမီး ၅ ယောက်နဲ့ ဘဝကို အဖေလိုရော၊ အမေလိုပါ ဝတ္တရားမလစ်ဟင်းအောင်ပြုစုရင်း ရုန်းကန်လာခဲ့တာပါ။ သူ့စိတ်ထဲ နှစ်ပေါင်းများစွာကြာပြီးတာတောင်မှပဲ ဇနီးသည်ရဲ့ အရိပ်ကလေးကိုပဲဖြစ်ဖြစ် တစ်ခေါက်လောက် ပြန်မြင်ချင်တဲ စိတ်လေးရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တာပေါ့။ 

YouTube-MBClife
YouTube-MBClife

တကယ်တော့ ရုပ်သံလိုင်းကို Kim ရဲ့ သမီးအကြီးဆုံးက ဆက်သွယ်လာကာ အကူညီတောင်းခဲ့တာပဲဖြစ်ပါတယ်။ မိခင်သေဆုံးပြီးတာတောင်မှပဲ သစ္စာရှိရှိနဲ့ ဇနီးသည်ကိုပဲ စွဲလန်းနေတဲ့ အဖေကို မမြင်ရက်တော့လို့ပါတဲ့လေ။ ဆံပင်တွေကျွတ်ပြီး ချုံးချုံးကျနေတဲ့ မိခင်ကို ပိုက်ဆံဆိုလည်း ပိုက်ဆံ၊ ကြင်နာနွေးထွေးမှုကလည်းမပျက်၊ တစ်ချက်မငြိုငြင်ဘဲနဲ့ ဆုံးပါးသွားတဲ့အထိကို နှစ်ပေါင်းများစွာ ပြုစုပေးခဲ့တာပါ။

YouTube-MBClife

VR နည်းစနစ်ကိုအသုံးပြုပြီးတော့ နည်းပညာရှင်တွေဟာ ဇနီးသည်ပုံစံအတိုင်း တစ်ထပ်တည်းတူအောင် ပရိုဂရမ်ရေးဆွဲကာ Kim နဲ့ဆုံပေးခဲ့ပါတယ်။ တွေ့ဆုံစဉ်အခိုက်အတန့်လေးကတော့ စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရတာမလို့ ဗီဒီယိုလေးပဲကြည့်ပြီး ခံစားလိုက်ပါနော်။

penny

SHARE