ချစ်သူကို Spa ခေါ်သွားမယ်လို့ ကတိပေးပြီး Spar ဆိုင်တွေကို ခေါ်သွားတဲ့အမျိုးသား

Facebook/SuePacky

Prankster တစ်ဦးဟာ ချစ်သူကောင်မလေးကို ဗယ်လင်တိုင်းနေ့အထိမ်းအမှတ်အဖြစ် စနေ၊ တနင်္ဂနွေတစ်ရက်မှာ Spa လိုက်ပို့ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Spa ကို လိုက်မပို့ခဲ့ပဲ Spar ကုန်စုံဆိုင်စတိုးတွေဆီသာ လိုက်ပို့ခဲ့ကြောင်း metro သတင်းစာမျက်နှာအရ သိရပါတယ်။

အသက် (၄၄) နှစ်ရှိပြီဖြစ်တဲ့ စူးပါကေးဟာ ပိတ်ရက်ကျရင်တော့ Spa လေးသွားပြီး အလှထိန်းသိမ်း၊ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာလေးနေဖို့ စိတ်ကူးခဲ့တာပါ။ ပိတ်ရက်လည်းရောက်ရော သူမချစ်သူက ကတိပေးထားသလို Spa လိုက်မပို့ပဲ Spar အမည်ရတဲ့ ကုန်စုံဆိုင် (၉) ဆိုင်တိတိကို လိုက်ပို့ခဲ့တာကြောင့် သူမမှာ စိတ်တိုသွားခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ သူမရဲ့ချစ်သူ ဒေးဗစ်ဘာရိုးက ရောက်တဲ့ Spar စတိုးဆိုင်တိုင်းမှာ ဓာတ်ပုံရိုက်လို့လည်း စိတ်ကောက်ရပါသေးတယ်။

Facebook/SuePacky

ဒါနဲ့ ပတ်သက်လို့ ဒေးဗစ်ကတော့ “..ကျွန်တော်လူဆိုးမဟုတ်ပါဘူး။ ရောက်တဲ့ Spar ဆိုင်တိုင်းမှာ သူ့အတွက် တစ်ခုခုတော့ အမြဲဝယ်ပေးတယ်..” လို့ ပြောပြပါတယ်။ ဒေးဗစ်ကတော့ အသက် (၃၇) နှစ်ရှိပါပြီ။ စူးနဲ့ဒေးဗစ်က ချစ်ကြိုက်လာတာ (၁၇) နှစ်လောက် ရှိနေပါပြီ။ စူးတို့ရဲ့ ခရီးစဉ်ကတော့ ဒီလိုပါ။ သူတို့နှစ်ယောက်ဟာ ဘာမင်ဂန်အိမ်ကနေ ထွက်လာခဲ့ကြပြီး နှစ်မိုင်လောက်လည်း မောင်းပြီးရော ဒေးဗစ်က Spar စတိုးဆိုင်တစ်ဆိုင်မှာ ကားရပ်ပါတယ်။

READ
ဇနီးထမ်းပြေးမာရသွန်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုကို ဆက်ပြီးထိန်းနိုင်ခဲ့တဲ့ လစ်သူယေးနီးယားစုံတွဲ
Facebook/SuePacky

စူးက ဒေးဗစ်ရဲ့အကြံကို မရိပ်မိသေးပါဘူး။ သူမကလည်း ဒေးဗစ်က မုန့်လေးဘာလေးဝယ်ဖို့ ကားရပ်တယ်လို့ပဲ ထင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယ Spar ဆိုင်ကို ထပ်သွားပြီး ဒေးဗစ်က ကားရပ်ကာ စတိုးဆိုင်ဆီ ခေါ်သွားပြန်ပါတယ်။ သူမက နည်းနည်းတော့ မသင်္ကာဖြစ်လာပါပြီ။ တတိယ Spar ဆိုင်ကို ဒေးဗစ်က ထပ်ပြီးလိုက်ပို့တဲ့အခါမှာတော့ စူးက ဒေးဗစ်အကြံကို လုံးလုံးရိပ်မိသွားခဲ့ပါပြီ။

Facebook/SuePacky

ဒေးဗစ်ကတော့ စူးကို ပျော်စေလိုတဲ့အတွက် ဒီလိုလုပ်ခဲ့တာ ဖြစ်ကြောင်း ပြောပြပါတယ်။ ဒေးဗစ်ဟာ ဘာမင်ဂန်တစ်လွှားမှာရှိတဲ့ Spar ဆိုင်ပေါင်း (၉) ဆိုင်ဆီ စူးကို လိုက်ပို့ခဲ့တာ ဖြစ်ပါတယ်။ သိသိချင်းတော့ စူးက စိတ်မကြည်ပဲ ဖြစ်နေပမယ့် နောက်ပိုင်းမှာတော့ စိတ်ကောက်ပြေပြီး ဒါကိုပျော်စရာလို့ မြင်လာခဲ့ကြောင်း ဒေးဗစ်က ဆိုပါတယ်။

READ
ရာဘာကြက်ရုပ်တွေနဲ့ EDM သံစဉ်တွေ ဖန်တီးခဲ့တဲ့ တောင်ကိုရီးယားလူငယ်များ
Facebook/SuePacky

ဒါပေမယ့် ဒေးဗစ်က စူးကို စတိုးဆိုင်တွေချည်းလိုက်ပို့ပြီး ဒီအတိုင်း အိမ်ပြန်ပို့ခဲ့တာတော့ မဟုတ်ပါဘူး။ ဗယ်လင်တိုင်းဒေးအထိမ်းအမှတ်အဖြစ် ညစာကျွေးတဲ့အပြင် လာမယ့်အပတ်မှာ တကယ် Spa လိုက်ပို့ပါမယ်လို့ ကတိပေးခဲ့ပါတယ်။ စူးကတော့ ဒေးဗစ်ရဲ့ Spar စတိုးဆိုင်လည်ပတ်ရေးခရီးစဉ်အပေါ် ခွင့်လွှတ်ခဲ့ဟန်တူပြီး နောက်အပတ်ကျရင် ဒေးဗစ်တော့ ပိုက်ဆံအများကြီးကုန်တော့မှာပဲလို့ပြောပြီး အရွှန်းဖောက်ခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE