ဘဝတိုးတက်ဖို့ဆိုတာ သင့်ရဲ့မိသားစုအခြေအနေ၊ သင်ဘယ်ကလာလဲ၊ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အဓိကကတော့ စိတ်ပါပဲ။ စိတ်သာဆုံးဖြတ်ထားပြီးခဲ့မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး။ ဥပမာ Freddie Figgers ကိုပဲကြည့်ပါ။

Freddie ရဲ့အတိတ်ဘဝနဲ့ လက်ရှိဖြစ်တည်မှုကို ယှဉ်ကြည့်မယ်ဆိုရင် လားလားမှမသက်ဆိုင်တာမလို့ ဟုတ်မှဟုတ်ပါ့မလားလို့တောင် သင်ထင်သွားပါလိမ့်မယ်။ ဘာကြောင့်ဆိုရင် အသက် ၃၀ အရွယ်ပဲရှိနေသေးတဲ့ Freddie ဟာ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၆၂ မီလီယံတန်ကြေးရှိနေတဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ CEO တစ်ယောက်ဖြစ်နေလို့ပါပဲ။ CEO ရာထူးအပြင် နည်းပညာဆိုင်ရာ မူပိုင်ခွင့် ၄ ခုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါသေးတယ်။

၉ နှစ်သားကတည်းက ပျက်နေတဲ့ကွန်ပြူတာကိုပြင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာကတည်းကိုက နည်းပညာဆိုင်ရာ တီထွင်မှုတွေ၊ စမ်းသပ်လေ့လာမှုတွေနဲ့ မစိမ်းခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက် ၁၂ နှစ်သားမှာ ကွန်ပြူတာနည်းပညာရှင်တစ်ယောက်အဖြစ် လုံးလုံးလျားလျားတတ်ကျွမ်းနေခဲ့ပါပြီ။
အသက် ၁၅ နှစ်မှာတော့ could computing ကို အခြေခံတဲ့ ကုမ္ပဏီတစ်ခုကို တီထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီတီထောင်ဖြစ်ခဲ့တာကလည်း မွေးစားဖခင်ဟာ အယ်ဇိုင်းမားရောဂါ ခံစားနေရတဲ့အတွက်ကြောင့် တစ်ခါတစ်လေ မျက်စိဒေါက်ထောက်ကြည့်နေလျက်နဲ့ ပျောက်ပျောက်သွားပြီး လျှောက်သွားတတ်တာကြောင့် စီးတဲ့ဖိနပ်မှာ GPS တပ်ပေးချင်တဲ့စိတ်ကနေ စခဲ့တာပါ။ ဖခင်ပျောက်သွားတဲ့အခါ Freddie က ဖခင်ကိုဖုန်းဆက်လိုက်ရုံနဲ့ ဘယ်မှာရှိနေတယ်ဆိုတာကို ပြပေးမယ့်စနစ်ပေါ့။ ဒါကို ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လူထုကိုပါ ဖွင့်ချပြခဲ့ရင်းနဲ့မှ ကုမ္ပဏီလေးရဲ့ ဒီစနစ်ကို Kansas အဖွဲ့အစည်းတစ်ခုမှ ၂.၂ မီလီယံဒေါ်လာပေးကာ ဝယ်ယူသွားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ မူပိုင်ခွင့်ကတော့ သူ့လက်ထဲမှာပါ။


တစ်နှစ်လောက်အကြာမှာတော့ Freddie ဟာ Figgers Communication ကို တည်ထောင်ဖို့အတွက် အဲဒီငွေတွေကို အသုံးပြုခဲ့ပြီး အသက် ၂၄ နှစ်မှာပဲ software program ပေါင်း ၈၀ ကျော်ကို တီထွင်နိုင်ခဲ့ပြီး တခြားသော နည်းပညာစိုက်လုပ်ငန်းတွေ၊ တီထွင်မှုတွေကိုလုပ်ရင်း တစ်ဖက်မှာလည်း ပရဟိတလုပ်ငန်းတွေအတွက် ပြန်လည်အသုံးချနေခဲ့ပါတော့တယ်။ ဥပမာ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်တာတွေ၊ ပညာသင်စုတွေ၊ အသက်ကြီးတွေအတွက် အခွန်အခပေးဆောင်တာတွေစတာတွေပေါ့။

Freddie Figgers လို့ဆိုလိုက်တာနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ နည်းပညာဆိုင်ရာ ဖန်တီးသူနဲ့ ပရဟိတသမားဆိုပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ တန်းမြင်မိကြပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့အတိတ်ဘဝကို ပြန်ကြည့်ကြပါစို့လား။ ဖလော်ရီဒါပြည်နယ်၊ Quincy မှာ မွေးလာခဲ့ပေမယ့်လို့ Freddie ရဲ့မိခင်ဟာ Freddie ကို ၂ ရက်သားလေးမှာတင်အမှိုက်ပုံမှာ စွန့်ပစ်သွားခဲ့ပါတယ်။ မိဘမဲ့ဂေဟာကိုရောက်ပြီး အဲဒီကနေမှတစ်ဆင့် Nathan နဲ့ Betty Figgers တို့ ဇနီးမောင်နှံနှစ်ယောက်မှ မွေးစားခဲ့ပြီး ယနေ့အချိန်အထိ Freddie ရဲ့ မိဘအရင်းတွေသဖွယ် စောင့်ရှောက်မှုပြုလာခဲ့ပါတယ်။

Freddie ရဲ့အောင်မြင်မှုလမ်းကြောင်းကတေ့ အဓိကစိတ်ပါပဲတဲ့။ မွေးစားမိဘတွေဟာလည်း Freddie ကို စိတ်ပိုင်းဆိုင်ရာအရ ပံ့ပိုးမှုပြုနိုင်ပေမယ့်လို့ သူတို့ကိုယ်တိုင်လည်း နည်းပညာနဲ့ပတ်သက်ပြီး အနေဝေးတဲ့သူတွေပပါ။ ဒါပေမဲ့လည်း Freddie ကိုယ်တိုင်ကိုက လိုချင်စိတ်ပြင်းပြပြီး စိတ်အားထက်သန်တဲ့အတွက်ကြောင့် ဒီနေရာမှာ ခြေစုံရပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
Penny