အမျိုးသားတစ်ယောက်ဟာ ခွေးကိုဆဲရေးပြောဆိုနေတဲ့အသံသွင်းဖိုင်တွေကြောင့် တိရစ္ဆာန်မွေးမြူခွင့်ပိတ်ပင်ခံလိုက်ရကြောင်း Dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ အသက်၃၂ နှစ်အရွယ် Joshua Ponsford ဆိုသူဖြစ်ကာ သူဟာ တိရစ္ဆာန်လေးတွေအပေါ် ထိခိုက်နစ်နာစေလိုမှုနဲ့ အပြစ်ရှိကြောင်းထင်ရှားခဲ့တာပါ။
Joshua ရဲ့ ၄င်းခွေးအပေါ် ဆဲဆိုနေတဲ့အသံဖိုင်တွေကိုတော့ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တစ်ခုကတွေ့ပြီး တရားရုံးဆီတင်ပို့ခဲ့တာပါ။ နိုဝင်ဘာ ၄ရက်နေ့မှာတော့ Bristol Magistrates Court က Joshua ကို အိမ်မွေးတိရစ္ဆာန်မွေးမြူခွင့် ၅နှစ်ပိတ်ပင်ကြောင်း အမိန့်ချမှတ်ခဲ့တာပါ။ အသံဖိုင်တွေထဲမှာတော့ Joshua ဟာ သူမွေးထားတဲ့ ခွေးမလေး Lulu ကို အကြိမ်ကြိမ် အော်ဟစ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသံဖိုင်တစ်ခုမှာတော့ Joshua က Lulu ကို အရုပ်တွေလျှောက်ဖွက်မနေဘဲ အိပ်ရာထဲသွားဖို့အတွက် အခုချက်ချင်းအိပ်ဖို့ ဆဲဆိုပြောခဲ့ပါတယ်။ ဒုတိယအသံဖိုင် တတိယအသံဖိုင်တွေဟာလည်း အလားတူတွေချည်းဖြစ်ကာ Lulu ကစိတ်ဆင်းရဲနေပုံနဲ့ တအီအီ ညည်းသံတွေလည်းပါဝင်ပါသေးတယ်။
ဒါကြောင့် တရားရုံးက Joshua ကို ငါးနှစ်လုံးလုံး တိရစ္ဆာန်မမွေးရဆိုတဲ့ အမိန့်ချမှတ်ခဲ့သလို သူဟာ ရက်ပေါင်း ၂၀ အလုပ်လုပ်ရမှာဖြစ်ပြီး ဒေါ်လာ ၂၉၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာ Lulu ကိုတော့ တိရစ္ဆာန်အဖွဲ့အစည်းဖြစ်တဲ့ RSPCA ကနေ စောင့်ရှောက်မှုပေးထားပါတယ်။ ဂေဟာဝန်ထမ်းတွေကတော့ Lulu ဟာ ချစ်စရာကောင်းတဲ့ခွေးလေးတစ်ကောင်ဖြစ်ပြီး သခင်သစ်၊ အိမ်သစ်မရခင် လက်ရှိအခြေအနေနဲ့ အဆင်ပြေအောင် ကြိုးစားနေတဲ့ခွေးလေးဖြစ်ကြောင်း ပြောပြပါတယ်။

Joshua ကတော့ သူဟာ Lulu ကို ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တယ်ဆိုတဲ့အချက်ကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့အပြုအမူကြောင့် Lulu ဟာ စိတ်သောကဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ဝန်ခံခဲ့ပါတယ်။ တိမွေးကုဆရာဝန် David Martin ကတော့ Lulu ဟာ အသံသွင်းဖိုင်တွေထဲကအတိုင်းဆိုရင်တော့ Joshua ရဲ့ကြမ်းကြမ်းတမ်းတမ်းပြောဆိုမှုကြောင့် စိတ်ပိုင်းဆိုင်ရာကြောက်ရွံ့တုန်လှုပ်မှုတွေကို ခံစားခဲ့ရာမှာသေချာကြောင်း မှတ်ချက်ပေးခဲ့တဲ့အပြင် တိရစ္ဆာန်မွေးမြူသူတွေအနေနဲ့ သတ္တဝါလေးတွေအပေါ် ကြင်ကြင်နာနာဆက်ဆံသင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
Lin Sin