လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အပြင်ထွက်ရင်တောင် Face mask တွေကို မဖြစ်မနေတပ်ဆင်သွားကြရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်အထိ ရောဂါကာကွယ်ဆေး မပေါ်သေးတဲ့အပြင် ရောဂါဖြစ်ပွားသေးတဲ့လူတွေဟာလည်း တောက်လျှောက်မြင့်တက်နေတာကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မှုတွေလုပ်တာဟာ အကောင်းဆုံးပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ရဲ့ COVID 19 ကာကွယ်မှုပုံစံဟာ ရွှေဥာဏ်တော်စူးရောက်လွန်းတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးပြီး လူတစ်ချို့ရဲ့ ဝေဖန်တာကိုလည်း ခံနေရကြောင်း Metro.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပုံထဲမှာတွေ့ရတဲ့ အမျိုးသားကတော့ အင်္ဂလန်နိုင်ငံ၊ Manchester မြို့က အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားဟာ မြွေကြီးတစ်ကောင်ကို လည်ပင်းမှာပတ်ပြီး Manchester မြို့ထဲမှာ လျှောက်သွားနေတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ အဆိုပါအမျိုးသား လူအများစီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားပေါ်တက်လာတဲ့အချိန်တုန်းကတော့ ဘတ်စ်ကားပေါ်မှာရှိတဲ့ လူတွေဟာ သူ့လည်ပင်းမှာပတ်ထားတဲ့ မြွေကြီးကိုကြည့်ပြီး တော်တော်လန်းတဲ့ လည်းစည်ပုံစံနဲ့ Mask လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘတ်စ်ကားပေါ်ရောက်ပြီး သိပ်မကြာခင်မှ မြွေအစစ်မှန်းသိခဲ့လို့ လူတော်တော်များများက ကြောက်လန့်ခဲ့ပြီး ဗီဒီယိုတွေတောင် ဝိုင်းရိုက်ခဲ့ပါသေးတယ်။ အဲဒီအမျိုးသားပြောပုံအရဆိုရင်တော့ ဒီလိုမျိုးမြွေကြီးတစ်ကောင် ပတ်ထားတဲ့အတွက်ကြောင့် လူတွေဟာ သူ့အနားမကပ်ရဲတော့သလို သူ့အနေနဲ့လည်း COVID 19 ရောဂါကို ကာကွယ်ပြီးသားပါဖြစ်သွားကြောင်း ပြောခဲ့ပါတယ်။
“ကျွန်မအနေနဲ့တော့ ဒါကိုကာကွယ်မှုတစ်ခုပုံစံလို့ မမြင်ပဲ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုပါပဲ။ ကိုယ်မွေးထားတဲ့ မြွေကို အပြင်သွားလို့ ခေါ်သွားရုံသက်သက်ဆိုရင်တော့ ကျွန်မအနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ အခုဟာက COVID 19 ကူးစက်မှုကို ကာကွယ်ချင်လို့ မြွေကို အသုံးချသွားတာပါ။ COVID 19 ကာကွယ်ချင်ရင် Face mask တပ်ပါ။ မြွေဆိုတာ PPE ဝတ်စုံတွေ မဟုတ်ပါဘူး။ ဒီလိုမျိုး မြွေတစ်ကောင်ကို ကြားခံအဖြစ် အသုံချတဲ့ လုပ်ရပ်ကို ကျွန်မအနေနဲ့ ရှုံ့ချပါတယ်”လို့ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ Jessica May က ပြောကြားခဲ့ပါတယ်။

PYi Hein Kyaw