ဖိလစ်ပိုင်လက်ဝှေ့သမား Manny Pacquiao ဟာ ပြီးခဲ့တဲ့လက Las Vegas မှာ ပြုလုပ်ခဲ့တဲ့ WBA welterweight world championship မှာ အမေရိကန်လက်ဝှေ့သမား Adrien Broner ကို အနိုင်ယူပြီး သူ့ရဲ့ WBA ချန်ပီယံခါး ပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

Manny မှာ သားသမီး (၅) ယောက်ရှိပြီး အကြီးဆုံးသားဖြစ်တဲ့ Jimuel ကတော့ ဖခင်ရဲ့ ချန်ပီယံခြေရာကို လိုက်နင်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။
Jimuel ဟာ အသက် (၁၈) နှစ်ရှိပါပြီ။ ဖခင်ကိုယ်တိုင်က လက်ဝှေ့သမားဖြစ်နေပေမယ့် ဖခင် WBA ချန်ပီယံဆုမရခင်အချိန်အထိ လက်ဝှေ့ပညာကို မသင်ယူခဲ့ပါဘူး။ အရင်လကမှ Jimuel ဟာ လက်ဝှေ့ကို စတင်လေ့ကျင့်ခဲ့တာပါ။
တစ်လအတွင်း လက်ဝှေ့ပညာကို ကောက်ခါငင်ခါသင်ယူပြီး လေ့ကျင့်ခဲ့ပေမယ့် ဖခင်ရဲ့လက်ဝှေ့အကွက်တွေကို ကျွမ်းကျင်စွာအသုံးပြုကာ ပွဲတစ်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့အတွက် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

Jimuel ဟာ ကျောင်းမှာပြုလုပ်တဲ့ လက်ဝှေ့ထိုးပြိုင်ပွဲမှာ Lucas Carson ဆိုသူ ကျာင်းသားနဲ့ ပြီးခဲ့တဲ့အပတ်က ယှဉ်ထိုးခဲ့ကြပါတယ်။ ပွဲစစချင်းမှာပဲ Jimuel ရဲ့ ကျွမ်းကျင်လှတဲ့ ပုံသဏ္ဍာန်ကို သတိထားမိမှာပါ။ ပြိုင်ပွဲအတွင်းမှာလည်း ဖခင် Manny ရဲ့အကွက်တွေကို ထုတ်သုံးခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဖက်ပြိုင်ဖက်ဖြစ်တဲ့ Lucas ကို အနိုင်ယူခဲ့ပါတယ်။


ဒီပွဲအပြီးမှာတော့ Manny ဟာ သားဖြစ်သူ Jimuel ကို ချီးမွန်းခဲ့ပြီး ဆက်လေ့ကျင့်မယ်ဆိုရင် ချန်ပီယံတောင်ဖြစ်နိုင်တယ်လို့ဆိုခဲ့ပါတယ်။ လက်ဝှေ့လေ့ကျင့်ဖို့အတွက် Jimuel ကိုယ်တိုင်ကိုက လိုလိုလားလားနဲ့ ပြောလာတဲ့အပေါ်မှာလည်း ဝမ်းသာရကြောင်းဆိုခဲ့ပါတယ်။


Manny Pacquiao ဟာ လာမယ့် ၂၀၁၉ မေလမှာတော့ လက်ဝှေ့အကျော်အမော်ဖြစ်တဲ့ Flyod Mayweather နဲ့ ပြိုင်ပွဲရှိနေပါတယ်။ ထပ်ပြီး MMA အကျော်အမော်ဖြစ်တဲ့ Khabib Nurmagomedov နဲ့လည်း အခုနွေ မော်စကိုရဲ့ Luzhniki ရုံမှာတွေ့ကြမယ်ဆိုပြီး သတင်းတွေ ထွက်နေပါသေးတယ်။

Source: SCMP, Instagram
Penny