ပီဇာ(၁)စိတ်စာ ငွေရှိရုံနဲ့ အိမ်တစ်လုံးဝယ်ယူခွင့် ပေးနေတဲ့ မြို့ကြီးများ

လူတွေရဲ့ အိပ်မက်အိမ်လေးတွေဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားပါတယ်။ အချို့တွေက ခပ်သေးသေးနဲ့ နွေးနွေးထွေးထွေး အိမ်ကလေးတစ်လုံးလောက်ရှိရင် တော်လောက်ပါပြီလို့ ဆိုပေမယ့် အချို့ကျတော့လည်း ပင်လယ်ကမ်းခြေနားဖြစ်မှ၊ အိမ်ကြီးအိမ်ကောင်းဖြစ်မှ ဆိုတာမျိုး ရှိပါတယ်။ အောက်မှာတွေ့ရမယ့် အိမ်လေးတွေကတော့ ထင်ရှားတဲ့နိုင်ငံကြီးတွေမှာ ရှိကြတဲ့ အိမ်တွေပဲဖြစ်ပါတယ်။ အချို့အိမ်တွေဆိုရင် ပီဇာတစ်စိတ်စာလောက်တောင် တန်ဖိုးမပေးရပဲ တစ်ဒေါ်လာ သို့မဟုတ် အလကားနီးပါး အစိုးရကနေ ပေးနေတဲ့ အိမ်တွေပဲ ဖြစ်ပါတယ်။

Sambuca, Italy

© raywhitevalentinopetrucci / instagram

အီတလီနိုင်ငံဟာ (၁) ဒေါ်လာတည်းနဲ့ အိမ်အများအပြားကို ရောင်းချတဲ့သတင်းထွက်လာပြီးတဲ့နောက် အီတလီရဲ့ အိမ်ခြံမြေဈေးကွက်က လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပါတယ်။ အစိုးရက အလကားနီးနီးဈေးနဲ့ ပေးနေတဲ့ ၄င်းအိမ်တွေဟာ အီတလီနိုင်ငံ Sambuca ကျေးရွာလေးမှာ ဖြစ်ပါတယ်။ အစိုးရဆီကနေ (၁) ဒေါ်လာနဲ့ အိမ်ဝယ်ယူနိုင်မှာဖြစ်ပေမယ့် ၀ယ်ယူပြီးသား အိမ်တွေကိုတော့ ပစ်ထားလို့ မရပါဘူး။ အိမ်ပိုင်ရှင်ဟာ ၄င်းအိမ်ကို (၃) နှစ်အတွင်း အနည်းဆုံး ဒေါ်လာ(၁၅,၀၀၀) အကုန်ကျခံပြီး လှပတဲ့အိမ်ကလေးဖြစ်အောင် ပြင်ဆင်မွမ်းမံတာတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Roubaix, France

© roubaix.fr / instagram

ပြင်သစ်မှာ နေရတာကြိုက်တယ်ဆိုရင်တော့ Roubaix မြို့လေးဟာ ရွေးချယ်သင့်တဲ့ မြို့လေးတစ်မြို့ပါ။ မြို့ကလေးဟာ ဘယ်လ်ဂျီယမ်နဲ့ နီးပါတယ်။ စီးပွားရေးအရ တည်ငြိမ်တဲ့မြို့လေးဖြစ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတဲ့ မြို့လေးလည်း ဖြစ်ပါတယ်။ မြို့လေးမှာ လူဦးရေနည်းနေတာရယ်၊ ပြီးတော့ အခြားမြို့တွေလို စည်စည်ကားကားဖြစ်စေချင်တာရယ်ကြောင့် အာဏာပိုင်တွေက အခုလို စီစဉ်ခဲ့တာပါ။ ဒီမြို့လေးမှာဆိုရင် အိမ်သေးသေးတစ်လုံးကို (၁) ဒေါ်လာနဲ့ ရောင်းချပေးပါတယ်။ အိမ်ဝယ်ယူသူဟာ အိမ်ေလးဟာ အနည်းဆုံး(၅) နှစ်နေထိုင်ရမယ့်အပြင် အိမ်လေးကို ပြင်ဆင်ပြုလုပ်တာတွေလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြုလုပ်ရပါမယ်။

READ
ဆန်းကြယ်လှတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံများ

Tokyo, Japan

© pixabay

လူဦးရေ အရမ်းများနေတယ်လို့ ဆိုကြတဲ့ နိုင်ငံမှာတောင် အိမ်ခွံလွတ်တွေက အများကြီး ရှိပါတယ်။ တိုကျိုက မြို့သားတွေကတော့ အိမ်တွေကို မလိုချင်တော့လို့ အလကားပေးကြတော့မယ်လို့ သိရတာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဂျပန်လူမျိုးတိုင်းမှာ ထူးထူးဆန်းဆန်း အယူသည်းမှုတစ်ခု ရှိပါတယ်။ အဲဒါက သဘာဝဘေးအန္တရာယ်ကျရောက်ပြီး သို့မဟုတ် ရာဇ၀တ်မှု ဖြစ်ပြီးတဲ့ အိမ်တွေမှာ ဆက်မနေရဘူး။ ကျိန်စာဆိုးမိလိမ့်မယ်၊ အကုသိုလ် ဂြိုလ်ဆိုးတွေ ၀င်လိမ့်မယ်လို့ မြို့သူမြို့သားတွေက ယူဆပါတယ်။ ဒါကြောင့်လည်း တိုကျိုရဲ့ အချို့အိမ်တွေဟာ မယုံနိုင်စရာကောင်းလောက်အောင်ကို ဈေးချိုနေတာပါ။ ဂျပန်တွေဟာ စွန့်ပစ်ထားတဲ့ အိမ်တွေကို ရောင်းချတဲ့ Akiya ခေါ်တဲ့ အွန်လိုင်းအိမ်ဈေးကွက်တစ်ခုလည်း ဖန်တီးထားပါတယ်။ အဲဒီမှာဆိုရင် အိမ်တွေကို အလကား သို့မဟုတ် ဈေးနည်းနည်းလေးနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။

Buffalo, USA

© LeonidAndronov / Eastnews

Buffalo မြို့အာဏာပိုင်တွေဟာလည်း (၁) ဒေါ်လာတည်းနဲ့ အိမ်တွေ ၀ယ်နိုင်ပြီလို့ ကမ်းလှမ်းနေပါတယ်။ Urban Homestead Program လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ဟာ လူမနေတဲ့နေရာတွေကို ရောင်းချပြီး လူစည်ကားအောင် လုပ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ အိမ်ဝယ်မယ့်သူကတော့ အမေရိကန်နိုင်ငံသားဖြစ်ဖို့ လိုပါတယ်။ အိမ်ဝယ်ပြီးခဲ့ရင် ၄င်းအိမ်မှာ အနည်းဆုံး(၃) နှစ်နေထိုင်ရမှာဖြစ်ပါတယ်။ အိမ်ရဲ့ အထွေထွေ ကုန်ကျစရိတ်၊ ပြုပြင်စရိတ်တွေကိုလည်း အိမ်ပိုင်ရှင်ကပဲ အကုန်ခံပေးရမှာပါ။

READ
အတောင်ပံရှိပေမယ့် မပျံနိုင်တဲ့ငှက်(၇)မျိုး

Liverpool, Great Britain

© pixabay

ဗြိတိန်နိုင်ငံမှာလည်း လူမနေပဲ ဒီအတိုင်းရှိနေတဲ့ အိမ်ခွံလွတ်တွေရဲ့ ပြဿနာက ပေါ်ပေါက်နေတာပါပဲ။ စာရင်းဇယားတွေအရ ဗြိတိန်နိုင်ငံမှာ အိမ်ပေါင်း (၂) သိန်းလောက်ဟာ အနည်းဆုံး(၆) လကြာ လူမနေပဲ ရှိနေကြတယ်လို့ သိရပါတယ်။ အိမ်အများစုဟာ (၁၉၇၀/ ၈၀/ ၉၀) ခုနှစ်များဆီက ဖြစ်ပွားခဲ့တဲ့ အလုပ်လက်မဲ့ ပြဿနာကြောင့် အခြေခံလူတန်းစားတွေက စွန့်ခွာသွားတဲ့ အိမ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်အစိုးရဟာ Liverpool မြို့ အစွန်အဖျားနေရာတွေမှာ ရှိနေတဲ့ လူမနေတဲ့အိမ်တွေကို (၁)ဒေါ်လာတည်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ တကယ်လို့ ၀ယ်ချင်တယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းလေးတွေတော့ ရှိပါတယ်။ အိမ်ဟာ ကိုယ်ဝယ်တဲ့ ပထမဆုံးအိမ်ဖြစ်ရမယ်၊ ဗြိတိန်နိုင်ငံသားဖြစ်ရမယ်၊ အိမ်သစ်မှာ အနည်းဆုံး(၅) နှစ်နေနိုင်ရမယ် ဆိုတာတွေအပြင် မြို့က သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း အိမ်သစ်ကို ပြန်လည် ပြင်ဆင်ပေးရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE