ပြေးလမ်းပေါ်က ပိုင်ရှင်မဲ့ခွေးပေါက်လေးကိုကယ်ပြီး မာရသွန်ပြိုင်ပွဲဝင်ခဲ့တဲ့အမျိုးသမီး

အမျိုးသမီး မာရသွန်အပြေးသမားတစ်ဦးဟာ ပြိုင်ပွဲဝင်နေစဉ်မှာ လမ်းပျောက်နေတဲ့ ခွေးပေါက်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ သူမဟာ ၄င်းခွေးကလေးကို စတွေ့ရာနေရာကနေ ပန်းတိုင်အရောက် (၁၉) မိုင် လောက်ကို ချီသယ်လာပြီး ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး မာရသွန် အပြေးသမားနာမည်ကတော့ ခမ်ဂျီရာဆိုသူဖြစ်ကာ အသက်က (၄၃) နှစ်ရှိပါပြီ။ သူမဟာ ထိုင်းနိုင်ငံ အနောက်ပိုင်း ရက်ဒ်ချာဘူရီမှာ ကျင်းပတဲ့ (၂၆) မိုင် မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး သူမပြိုင်ပွဲဝင်အပြီး (၇) မိုင် အရောက်မှာ ခွေးလေးကို တွေ့ခဲ့ရတာပါ။

ခွေးလေးဟာ ထိုင်းဘန်းကရူးမျိုးစိတ်တစ်ကောင် ဖြစ်ပါတယ်။ ခွေးပေါက်လေးကို တွေ့ရာနေရာမှာ လူနေအိမ်ခြေလည်း မရှိ၊ လူတွေလည်း မတွေ့ရတာကြောင့် ခမ်ဂျီရာက ခွေးလေးဟာ လမ်းပျောက်နေတာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင်လည်း အစွန့်ပစ်ခံထားရတာဆိုပြီး သနားတာနဲ့ ခေါ်လာခဲ့တာ ဖြစ်ပါတယ်။ ခွေးလေးကို ဒဏ်ရာအနာတရ ရှိမရှိ စစ်ဆေးပြီးတဲ့အခါမှာတော့ ခမ်ဂျီရာဟာ ခွေးပေါက်လေးကို လက်ထဲမှာ ထည့်ပွေ့ပြီး ကျန်ရှိနေတဲ့ အပြေးမိုင်(၁၉) မိုင်ကို ဆက်လက် ပြေးလာခဲ့တာ ဖြစ်ပါတယ်။

READ
ရေနစ်တော့မယ့်သူငယ်ချင်းကိုကူညီကယ်ဆယ်ပေးခဲ့တဲ့ သူရဲကောင်းခွေးလေး

သူမရဲ့ အပြေးဖော်တွေကတော့ ခမ်ဂျီရာရဲ့ လက်ထဲက ခွေးလေးကို တအံ့တသြနဲ့ ကြည့်ပြီး ပြုံးနေခဲ့ကြပါတယ်။ တစ်နေရာမှာတော့ သူမဟာ လူအများမြင်အောင်လို့ ဆိုပြီး ခွေးလေးကို အပေါ်မြှောက်ကာ ကိုင်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် ပန်းတိုင်ရောက်တဲ့အခါမှာလည်း သူမက ခွေးလေးကို ကိုင်ပြီး ပန်းတိုင်ကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ မာရသွန်ပွဲအပြီးမှာတော့ ခမ်ဂျီရာဟာ ခွေးလေးကို မွေးစားလိုက်ပြီး ချုံဘွန်းလို့ နာမည်ပေးလိုက်ပါတယ်။

ခမ်ဂျီရာက “ခွေးလေးက လမ်းပျောက်နေတယ်လို့ ထင်ရတာပဲ။ သူ့ကို တွေ့တဲ့နားမှာ အိမ်တွေ၊ လူတွေလည်း မရှိဘူး။ အခြားခွေးတွေလည်း မရှိဘူး။ ဒါကြောင့် ကျွန်မပဲ ခေါ်လာခဲ့တာ…” လို့ ပြောပြပါတယ်။ သူမဟာ ပန်းတိုင်ဖြတ်ကျော်အပြီးမှာ ခွေးလေးရဲ့ ပိုင်ရှင်ကို ရှာဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ထို့နောက်မှာတော့ သူမကိုယ်တိုင်ပဲ လက်ရှိမွေးထားတဲ့ ခွေးနှစ်ကောင်နဲ့အတူ ချုံဘွန်းကိုပါ ထပ်မွေးစားဖို့ စဉ်းစားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

“မိုင် (၂၀) နီးနီးကို ခွေးတစ်ကောင်သယ်ပြီး မာရသွန်ပြေးဖို့ ဆိုတာ ခက်ခဲပါတယ်။ ပုံမှန်ပြေးနေကျထက် နှစ်ဆပိုပင်ပန်းပါတယ်။ ဒါပေမယ့်လည်း ခွေးလေးက ချစ်စရာကောင်းလို့ ကျွန်မပန်းတိုင်ထိ ပြေးနိုင်ခဲ့ပါတယ်။ခွေးလေးကို ဆေးစစ်ပေးရတယ်၊ ကာကွယ်ဆေးထိုးပေးရတယ်၊ လိုအပ်တာတွေ လုပ်ပေးရတာပေါ့။ အခုတော့လည်း သူက ကျွန်မတို့ မိသားစုဝင်လေးဖြစ်နေပါပြီ…” လို့ ခမ်ဂျီရာက ပြောပြခဲ့ပါသေးတယ်။

READ
ခြံစည်းရိုးကိုကျော်ပြီး ဘောလုံးပစ်တမ်းကစားနေကြတဲ့ သူငယ်ချင်း(၂) ဦး

လင်းလင်း (ShweMom)

Ref: Dailymail, runnersworld

SHARE