ဂီတာကို ခြေထောက်နဲ့ ကျွမ်းကျင်စွာ တီးခတ်ပြသွားတဲ့ မွေးရာပါ လက်မပါသူ အမျိုးသား

မွေးရာပါ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းနေသူ အချို့က သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ လူမှုအဖွဲ့အစည်းက ပြက်ရယ်ပြုမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကို မသန်စွမ်းတွေဆိုပြီး နှိမ်ချဆက်ဆံလို့မရပါဘူး။ တစ်ခါတစ်လေ ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ အကောင်းပကတိရှိနေတဲ့ သူတွေထက်တောင် သူတို့က စွမ်းဆောင်နိုင်ကြပါသေးတယ်။

အောက်မှာတွေ့ရမှာကတော့ အသက်(၄၆)အရွယ် ဆန်ဒီယေးဂိုးမှာ နေထိုင်သူ မာ့ခ်ဂေါ့ဖနေးဆိုသူ အမျိုးသားတစ်ယောက်ပါ။ မာ့ခ်ဟာ တေးဂီတပညာရှင်တစ်ဦးဖြစ်ပြီး အိပ်မက်ကြီးသူတစ်ဦးလည်း ဖြစ်ပါတယ်။ ထူးခြားတာက မာ့ခ်ဟာ မွေးကတည်းက လက်မပါလာပါဘူး။ လက်အစား ခြေထောက်တွေကို သုံးပြီးတော့ပဲ ဂီတာ တီးခတ်ရပါတယ်။ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းခဲ့ပေမယ့် မာခ့်ဟာ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

မာ့ခ်ကတော့ သူ့ကိုကြည့်ပြီးစိတ်မချမ်းမသာဖြစ်မနေပဲ သူ့ကိုမှီအောင်သာ ကြိုးစားအားထုတ်ဖို့ အားပေးစကားဆိုပါတယ်။ ဖခင်ဖြစ်သူဟာ မာ့ခ်ကို သူ့အသက်(၉) နှစ်အရွယ်ကတည်းက လေးကြိုးဂီတာလေးတစ်လက် ၀ယ်ပေးခဲ့ပါတယ်။ အဲဒီဂီတာလေးက သူအဦးဆုံးတီးခတ်ခဲ့တဲ့ တူရိယာလေးဖြစ်ပါတယ်။ မာ့ခ်က သူ့အနေနဲ့  ဂီတလမ်းကြောင်းထဲ စတင်ဝင်ရောက်စဉ်မှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

READ
အောင်မြင်မှုကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါတယ် ဆိုတဲ့ တိုင်းရင်းသားလေး Dee Dee

ဂီတာစတီးတုန်းက မာ့ခ်ဟာ သီချင်း(၄) ပုဒ်ပဲ တီးခတ်နိုင်ပါတယ်။ ဒါပေမယ့် အားမလျှော့ပဲ သူ့ခြေချောင်းတွေ သွေးထွက်လာတဲ့အထိ လေ့ကျင့်ခဲ့ပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခဲ့တာကြောင့် နောက်ပိုင်းမှာ သူဖြစ်ချင်တဲ့အနုပညာအလုပ်ကို ဆက်လက် လုပ်ကိုင်နိုင်ဖို့ ပိုလို့တောင် ခက်ခဲခဲ့ရပါတယ်။ ကလေးတွေရဲ့ နေထိုင်ရေးစရိတ်စက အတွက်လည်း ရှာဖွေရတာကြောင့် မာ့ခ်ရဲ့ အခြေအနေဟာ အကျဉ်းအကြပ်ထဲရောက်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ယုံကြည်ရာကို ဇွဲမလျော့ပဲ လုပ်ကိုင်ခဲ့တဲ့ မာ့ခ်ဟာ အခုဆိုရင် Big Toe လို့ လူသိများနေပြီး ကိုယ်ပိုင်ဂီတအဖွဲ့တစ်ခုတောင် ရှိနေပါပြီ။ သူ့အတွက်သာမက ကလေးတွေကိုလည်း လောက်ငှအောင် ပံ့ပိုးပေးနေနိုင်ပါပြီ။ အောက်ဘက်မှာတော့ ပါရမီရှင် မာ့ခ်ရဲ့ စိတ်အားတက်ကြဖွယ်ရာ ဖျော်ဖြေမှုလေးကို အခုလို တွေ့ရမှာပါ။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE