ကလေးအသက် ၈နှစ်ရောက်မှ ခါးသီးတဲ့အမှန်တရားကို သိလိုက်ရလို့ ဇနီးသည်ကို တရားစွဲခဲ့သူ

Shutterstock/New Africa

လန်ဒန်မြို့နေ အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ သားအဖြစ် ကျွေးမွေးစောင့်ရှောက်လာတဲ့ ကလေးနဲ့ ပတ်သက်လို့ မယုံနိုင်လောက်တဲ့ အမှန်တရားတစ်ခုကို ကလေး ၈ နှစ်အရွယ်မှ သိလိုက်ရပါတယ်။ ဒီလိုသိလိုက်ရချိန်မှာတော့ ထိုအမျိုးသား လုပ်ခဲ့တာဟာ ဇနီးသည်ဖြစ်သူကို တရားစွဲဆိုခဲ့တာပါ။ ဖြစ်ပုံကတော့ ကလေးဟာ သူ့ရဲ့ သွေးသားမဟုတ်နေခဲ့လို့ပါပဲ။ ထိုသတင်းကိုတော့ Daily Mail ကနေ သိရှိရပါတယ်။

ထိုအမည်မဖော်လိုသူ အမျိုးသားဟာ သူ့ရဲ့ ရင်သွေးအနေနဲ့ မွေးလာခဲ့တဲ့ သားဖြစ်သူက ဇနီးသည် ဖောက်ပြန်ရာမှ ရလာခဲ့တဲ့ ကလေးမှန်း သိလိုက်ရတာပါ။ ထို့အတွက် အမျိုးသားဖြစ်သူက ကလေးကို ၈ နှစ်လုံးလုံး ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ကုန်ကျစရိတ် အကုန်လုံးကို ပြန်လျော်ပေးဖို့အတွက် ဇနီးသည်ကို တရားစွဲဆိုလိုက်ခြင်း ဖြစ်ပါတယ်။

Shutterstock/New Africa

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ခဲ့ပြီး သြဂုတ်လမှာတော့ မီဒီယာတွေပေါ် ရောက်ခဲ့တဲ့ ထိုအမှုကို လန်ဒန်တရားရုံးချုပ်မှာ တရားသူကြီး ဂျက်စတစ်စ်ကိုဟန်က ကိုင်တွယ်ရပြီး ၈ နှစ်အရွယ်ကလေးကိုတော့ ထိုဖြစ်ရပ်နဲ့ ပတ်သက်လို့ အသိပေးဦးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကလေးကို သူ့ရဲ့ ဖခင်အစစ်အမှန်က ဘယ်သူဆိုတာကို ပြောပြဖို့အတွက်လည်း သင့်တော်မယ့် အချိန်ကို လူမှုရေးဆိုင်ရာ ပညာရှင်များက ဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။

READ
ကျောင်းကနေထွက်ပြီး Gucci မှာ မော်ဒယ်လုပ်တော့မယ့် လေးနှစ်အရွယ် ကလေးငယ်

အခုလို နာမည်ကြီးသွားခဲ့တဲ့ ဒီအမှုမှာ ပါဝင်ပတ်သက်နေကြတဲ့ မိသားစုဝင်တွေရဲ့ နာမည်အရင်းတွေကိုတော့ မီဒီယာတွေမှာ လုံးဝမဖော်ပြဖို့လည်း တရားသူကြီးက ထုတ်ပြန်ထားပါသေးတယ်။ ဖြစ်တဲ့ ပြဿနာတွေထဲမှာတော့ ကလေးကို အဖေအရင်းက ဘယ်သူဆိုတာ ပြောပြ သင့် မသင့် လက်ရှိမိဘနှစ်ယောက်က အငြင်းပွားမှုတွေ ဖြစ်နေကြပါသေးတယ်။ ဖခင်ဖြစ်သူကတော့ ကလေးကို ပြောပြသင့်ကြောင်း ထောက်ခံနေပြီး မိခင်ကတော့ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်နေတာပါ။

Shutterstock/aerogondo2

တရားသူကြီးရဲ့ ပြောကြားချက်တွေအရ တရားလိုဖြစ်တဲ့ အမျိုးသားဟာ ၈ နှစ်အရွယ် ရင်သွေးကို သူ့သားမဟုတ်ကြောင်း သိသိလိုက်ရချင်း အရမ်းကို စိတ်ထိခိုက်ဒေါသထွက်ခဲ့ရပြီး တရားစွဲဆိုမှု စတင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ သူမရဲ့ အမှားနဲ့ ပတ်သက်လို့ မငြင်းဆန်ဘဲ အပြစ်ဝန်ခံခဲ့တာပါ။ ဒီလိုအမှုမျိုးကတော့ တကယ်ကို ထူးခြားစွာ ဖြစ်တောင့်ဖြစ်ခဲလို့လည်း သုံးသပ်သူများ ရှိနေကြပါတယ်။

LWIN MIN

SHARE