
EDM သီချင်းတွေဟာ ဒီနေ့ခေတ် လူငယ်တွေကြားထဲမှာ တော်တော်လေးကို ရေပန်းစားနေတဲ့ ဂီတအမျိုးအစားတစ်ခုလို့ ပြောရပါမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း 808 Festival, Don’t Let Daddy Know, Invasion, Together Festival အစရှိတဲ့ EDM ပွဲတွေ မြောက်မြားစွာ ကျင်းပခဲ့ပြီး နိုင်ငံခြားက နာမည်ကြီး EDM Artist ပေါင်းများစွာလည်း လာရောက်ဖျော်ဖြေခဲ့ပြီးပါပြီ။ HardStyle, Dubstep, House, Trap, Techno အစရှိတဲ့ EDM ဂီတအမျိုးအစားပေါင်း များစွာထဲကမှ Progressive house ဂီတအမျိုးအစားကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖျော်ဖြေနိုင်တဲ့ နာမည်ကြီး EDM Artist တစ်ဦးဖြစ်သူ Marshmello ကိုတော့ EDM ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Marshmello ရဲ့ နာမည်အရင်းကတော့ Christopher Comstock ဖြစ်ပြီး အမေရိကန်နိုင်ငံသား DJ တစ်ဦးလည်း ဖြစ်ပါတယ်။ Marshmello ရဲ့ Silence, Wolves, Friends, Happier, Alone အစရှိတဲ့ သီချင်းတွေဟာ EDM ပွဲတော်တော်များများမှာ လူငယ်အများစုကြားဖူးနေကြ သီချင်းတွေဖြစ်ပြီး Alone လို့ အမည်ရတဲ့ သီချင်းဟာ Multiplatinum စာရင်းဝင် သီချင်းတစ်ပုဒ်အဖြစ် နိုင်ငံတော်တော်များများမှာ အောင်မြင်ခဲ့ပြီး Billboard Hot 100 မှာ အဆင့် ၃၀ နေရာအထိ ချိတ်နိုင်ခဲ့တဲ့ သီချင်းအမျိုးအစားလည်း ဖြစ်ပါတယ်။ အခုလည်း လွန်ခဲ့တဲ့ အင်္ဂါနေ့(၆.၁၀.၂၀၂၀)တုန်းက Marshmello ဟာ EDM သီချင်းတစ်ပုဒ်ကို ဘယ်လိုပုံစံနဲ့ အစပြုပြီး သံစဉ်ကို ဘယ်လိုရှာဖွေကာ အမိုက်စားပုံစံဖြစ်အောင် ဘယ်လိုလုပ်ရသလဲဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ ပို့စ်တင်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း Bass line တစ်ခုကို အရင်ဆုံး တည်ဆောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုယ်သွားချင်တဲ့ Temo ပေါ်မှာ drum သံစဉ်ကို စည်းချက်လိုက်ပြီး အမိုက်စား သံစဉ်အကြမ်းတစ်ခု ဖန်တီးပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုယ်ထည့်ချင်တဲ့ တစ်ခြား sound effects တွေကို ပေါင်းထည့်ပြီး နောက်ဆုံးမှာတော့ အမိုက်စားတီးလုံးပုံစံတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ Marshmello ရဲ့ အဆိုပါဗီဒီယိုဖိုင်ဟာ Instagram မှာ ကြည့်ရှု့သူ 481k ရှိခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း Marshmello ရဲ့ သီချင်းအသစ်ကိုမျှော်နေကြောင်း၊ အခုလိုဗီဒီယိုတင်ပေးတာလည်း သူတို့အတွက် ပညာရစေကြောင်း ဝိုင်းဝန်းမှတ်ချက် ပြုခဲ့ပါတယ်။
https://www.facebook.com/marshmellomusic/photos/together-festival-was-so-much-fun-thank-you-myanmar-/1530605666957959/
Pyi Hein Kyaw