သည်းထိတ်ရင်ဖို ဇာတ်ကားတွေထဲကထက် ပိုကြီးပိုရှည်ပိုကြမ်းတဲ့ ကမ္ဘာဦးမြွေကြီးများ

Smithsonian Institution

နိုင်ငံတကာ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေဟာ (၂၀၀၉)ခုနှစ်က ကိုလံဘီယာက သုတေသနလုပ်ကွက်တစ်ခုမှာ စပါးကြီးမြွေနဲ့ပုံစံချင်းဆင်တူတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ အဖွဲ့ကတော့ ပညာရှင် Jonathan Bloch နဲ့ ပနားမားနိုင်ငံ၊ Smithsonian Tropical Research Institute တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်တဲ့ Carlos Jaramillo တို့ ဦးဆောင်တဲ့အဖွဲ့ပါ။

သမိုင်းမတိုင်မီခေတ်က မြွေကြီးတွေဟာ မျက်မှောက်ခေတ် ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲကထက် အဆပေါင်းများစွာ ပိုကြီးကြသလို၊ အလွန်ြုကမ်းတမ်းတဲ့စရိုက်လည်း ရှိကြတယ်လို့ ဆိုပါတယ်။ အဲဒီမြွေကြီးတွေရဲ့ ထူးခြားချက်က အအေးကို ပိုကြိုက်ပြီး၊ အပူဒဏ် (၃၀)ဒီဂရီစင်တီဂရိတ်ကနေ (၃၄)ဒီဂရီအထိသာ ခံနိုင်ရည် ရှိကြပါသတဲ့။ အစားအစာ ဝဝလင်လင် စားပြီးရင် လအတန်ကြာသည်အထိ အိပ်နေ မှိန်းနေကြပါတယ်။

ရှာဖွေတွေ့ရှိတဲ့ မြွေကြီးရဲ့ရုပ်ကြွင်းကို တိုင်းတာတဲ့အခါ အရှည် (၄၂)ပေရှိပြီး၊ ကိုယ်အလေးချိန်ကတော့ (၁၁၇၉)ကီလိုဂရမ်အထိ ရှိပါတယ်။ အဲဒီမြွေကြီးတွေဟာ Sarcosuchus လို့ခေါ်တဲ့ သမိုင်းဦးဧရာမ မိကျောင်းကြီးတွေကိုတောင် မျိုနိုင်တယ်လို့ ဆိုပါတယ်။ မြွေကြီးတွေကို ပမာဏနှိုင်းယှဉ်တဲ့အခါ ဒိုင်နိုဆောမျိုးနွယ်ဝင် Brachiosaurus တွေလောက် ရှည်တယ်လို့ ဆိုပါတယ်။

WikimediaCommons

ဒါပေမယ့် ကမ္ဘာဦးမြွေတွေရဲ့ မူလဖော်ပြထားတဲ့ အရွယ်အစားကတော့ (၄၂)ပေလို့သာ ပါရှိပါတယ်။ Brachiosaurus ဒိုင်နိုဆောကြီးတွေဟာ မီတာ (၃၀)အထိအရှည်ရှိလို့ ပေ(၁၀၀)လောက် ရှည်တယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကမ္ဘာဦးမြွေတွေက (၄၂)ပေလောက်သာ အရှည်ရှိရိုးမှန်ရင်တော့ Brachiosaurus နဲ့ အရွယ်အစားနှိုင်းယှဉ်ချက်က ကွာခြားချက်တွေအများကြီး ဖြစ်နေပါတယ်။

နောက်ပြီး Sarcosuchus တွေဟာ အရှည်(၃၁)ပေအထိ ရှိနိုင်တဲ့အတွက် ဒီသတ္တဝါကြီးတွေကို ကမ္ဘာဦးမြွေကြီးတွေက မျိုနိုင်တယ်ဆိုတာ ယုတ္ထိအားဖြင့်တော့ မတန်ဘူးလို့ ပြောရပါမယ်။ ကမ္ဘာဦးမြွေကြီးတွေကို Titanoboa (တိုက်တန်နိုဘိုအာ) လို့ခေါ်ပါတယ်။ Titanic Boa လို့တောင် တင်စားကြပါတယ်။ ဒိုင်နိုဆောတွေ ပျောက်ကွယ်ဦးအစမှာ သူတို့တစ်တွေ ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

ဒီမြွေကြီးတွေဟာ အာရှတိုက်ရဲ့ ထူထပ်လှတဲ့ တောနက်ကြီးတွေ၊ အမေဇုံနဲ့ တောင်အမေရိကတစ်လွှားမှာ ကျင်လည်ကျက်စားခဲ့ပါတယ်။ အပူဒဏ်မခံနိုင်တဲ့ သတ္တဝါကြီးတွေ ဖြစ်ကြပြီး၊ ကမ္ဘာကြီး တဖြည်းဖြည်း အပူချိန်မြင့်မားလာခြင်းက သူတို့တစ်တွေ ကမ္ဘာကနေ မျိုးသုဉ်းပျောက်ကွယ်သွားခြင်းရဲ့ အဓိကအကြောင်းပြချက် ဖြစ်နိုင်ပါတယ်။

 

ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Jonathan Bloch က “ အန်နာကွန်ဒါဇာတ်ကားထဲမှာ ဂျနီဖာလိုပက်ဇ်ကို မျိုဖို့ကြိုးစားတဲ့မြွေကြီးက ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့ မြွေကြီးနဲ့ယှဉ်ရင် …. ဘာဟုတ်လိမ့်မတုန်း … ”လို့ ပြောခဲ့ပါတယ်။ Titanoboa (တိုက်တန်နိုဘိုအာ) မြွေကြီးတွေဟာ အစားအစာ ဝလင်အောင်စားထားရင် လနဲ့ချီပုန်းအောင်းပြီး အနားယူအိပ်စက်နေလေ့ရှိတယ်လို့ သိရပါတယ်။

လင်းဇော်ကို

SHARE