ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေကိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဆိုဗီယက်အမျိုးသမီးလေသူရဲများ

ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်ယူနီယံမှာ ဂျာမန်နာဇီတွေကိုအသက်စွန့်ပြီး ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တဲ့သူရဲကောင်းအမျိုးသမီးတွေရှိခဲ့ပါတယ်။ အမှတ်(၅၈၈) ဆိုဗီယက်အမျိုးသမီးတပ်ရင်းကြီးက နာဇီတွေရဲ့စစ်အခြေစိုက်စခန်းတွေအပေါ်မှာ ဗုံးပေါင်းတန်ချိန်(၂၃,၀၀၀) လောက်ကြဲချခဲ့ပြီး နာဇီစစ်စခန်းတွေကို ကစဉ့်ကလျားဖြစ်အောင် ပြုလုပ်ခဲ့သူများဖြစ်ပါတယ်။ သူတို့တွေဟာ ညအမှောင်ကိုအကာအကွယ်ယူပြီး သာမန်အထပ်သားနဲ့ ပြုလုပ်ထားတဲ့ တောင်ပံနှစ်ထပ်လေယာဉ်တွေနဲ့ပျံသန်းပြီး ဗုံးကြဲခဲ့တာပါ။ နာဇီတွေဟာ ထိုအမျိုးသမီးတပ်ရင်းကို ကြောက်ရွံ့ကြပြီး လေယာဉ်တစ်စီးကိုပစ်ချနိုင်တဲ့ဘယ်လိုသေနတ်သမားမဆို အိုင်းယွန်းခရော့စ် ဆုတံဆိပ်ချက်ခြင်းပေးအပ်လေ့ရှိပါတယ်။

ဒုတိယကမ္ဘာစစ်ကို အနိုင်ရရှိမှုမှာ ထိုဆိုဗီယက်အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ ပြောင်မြောက်လှတဲ့အစွမ်းသတ္တိတွေကိုလည်း ချန်ထားလို့မရပါဘူး။ ဂျာမန်တွေက ဆိုဗီယက်အမျိုးသမီးလေသူရဲအဖွဲ့ကို သန်းခေါင်ယံစုန်းမတွေလို့ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လေယာဉ်မောင်းတဲ့ဆီက ထွက်လာတဲ့အသံဟာ စုန်းမတွေတံမြက်စီးပျံစီးသလို တစ်ဝှီးဝှီးနဲ့အသံကြားရတာကြောင့်ပါ။

ဂျာမန်တွေအတွက် တစ်ဝှီးဝှီးမြည်နေတဲ့ လေယာဉ်သံတွေဟာ ဗုံးကြဲခံရဖို့ ကနဦးသတိပေးချက်ပါ။ လေသူရဲအမျိုးသမီးတွေမောင်းတဲ့ သစ်သားအထပ်သားလေယာဉ်တွေဟာ အရမ်းသေးလွန်းတာကြောင့် ရေဒါ(သို့) အနီအောက်ရောင်ခြည်သုံး တည်နေရာပြကိရိယာတွေ သုံးပြီးကြည့်လည်း မမြင်ရပါဘူး။ ဒါ့အပြင်လေယာဉ်ပေါ်မှာ ရေဒီယိုလည်းမသုံးပါဘူး။ ဒါ့ကြောင့် ရေဒီယိုညွန်းကိန်းအချက်ပြ ကိရိယာတွေနဲ့လည်း လေယာဉ်တည်နေရာတွေကို မခန့်မှန်းနိုင်တာကြောင့် သူမတို့ကိုစုန်းတစ္ဆေတွေလို့ ဂျာမန်တွေကခေါ်ခဲ့ကြပါတယ်။

READ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ နာမည်မကျော်ခင် ငယ်ရွယ်စဉ်ဘဝက ရှားပါးဓာတ်ပုံများ

ဆိုဗီယက်ယူနီယံမှာ အရင်တုန်းကအမျိုးသမီးတွေကို တိုက်ပွဲမှာ ပါဝင်ခွင့်မပေးခဲ့ပါဘူး။ ဒါပေမယ့် ရန်သူရဲ့အခြေအနေနဲ့ဖိအားကြောင့် ဆိုဗီယက်ခေါင်းဆောင်တွေအနေနဲ့ စစ်ရေးပေါ်လစီကိုပြန်စဉ်းစားဖို့ဖြစ်လာပါတယ်။ အဒေါ့ဖ်ဟစ်တလာက ဘာဘိုဆာစစ်ဆင်ရေးထူထောင်ပြီး (၁၉၄၂) ဇွန်လမှာအလုံးအရင်းနဲ့ ဆိုဗီယက်ယူနီယံထဲကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မော်စကိုလည်းအကျဉ်းအကြပ်ထဲရောက်နေပြီး လီနင်ဂရက်(ယခု စိန့်ပီတာစဘာ့ဂ်) လည်းအသိမ်းခံလိုက်ရတာကြောင့် ထိုအချိန်မှာ ဆိုဗီယက်ဟာဖရိုဖရဲဖြစ်နေခဲ့ပါတယ်။

ဒီအချိန်မှာ လေသူရဲအမျိုးသမီးတပ်ရင်းအဖွဲ့ အမှတ်(၅၈၈) ကို ၁၉၄၂ခုနှစ် ဇွန်လ(၁၈)ရက်နေ့မှာ နာဇီအင်အားစုတွေရဲ့ အဓိကအခြေစိုက်စခန်းတွေကို ဖြိုချဖျက်စီးဖို့အတွက် ဖွဲ့စည်းခဲ့ပါတယ်။ လေသူရဲအမျိုးသမီးတွေဟာ အထူးစစ်ဆင်ရေး(၃) သောင်းကျော်ကို ပျံသန်းခဲ့ပါတယ်။ တပ်ဖွဲ့မှာ အမျိုးသမီးဦးရေ(၄၀၀) ပါဝင်ပြီး အသက်(၁၇)နှစ်ကနေ (၂၆)အထိအရွယ်တွေဖြစ်ပါတယ်။

စစ်ဆင်ရေးပေါင်း(၃)သောင်းကျော်ကိုပျံသန်းခဲ့တာကြောင့် လေသူရဲတစ်ဦးစီကို စစ်ဆင်ရေးအကြိမ်(၈၀၀) စီဆင်နွှဲခဲ့ကြတာပါ။ စစ်ပွဲအတွင်းမှာ လေယာဉ်မှုးပေါင်းအယောက်(၃၀) ဆုံးရှုံးခဲ့ရပြီး (၂၄)ယောက်ဟာ ဆိုဗီယက်ယူနီယံရဲ့ သူရဲကောင်းဘွဲ့ထူးကိုဆက်ခံရရှိခဲ့ကြပါတယ်။ အမျိုးသမီးလေသူရဲတပ်ရင်းရဲ့ ခေါင်းဆောင်ဖြစ်သူ Raskova ကတော့ရှေ့တန်းစစ်မျက်နှာမှာပဲ ၁၉၄၃ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ သူမသေဆုံးတဲ့အခါ နိုင်ငံဈာပနအဖြစ်ကျင်းပပေးခဲ့ပြီး အရိုးပြာတွေကိုတော့ ကရင်မလင်မှာမြှုပ်နှံထားကြောင်းသိရပါတယ်။

READ
သင်မတွေ့ရသေးတဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုမှ ရှားပါးပုံရိပ်များ

လင်းလင်း (ShweMom)

Source: history

SHARE