အနက်ရောင်ပြောင်းနေခဲ့တဲ့ မလက္ကာမြစ်နောက်ကွယ်က ထိတ်လန့်ဖွယ်အန္တရာယ်

မလေးရှားနိုင်ငံက မလက္ကာမြို့ဟာ အေဖော်မိုဆာခံတပ်၊ ဂျွန်ကာလမ်း၊ ခရစ်တော်ဘုရားကျောင်းနဲ့ မလက္ကာမြစ်ထဲသွား အပျော်စီးသင်္ဘောခရီးတို့ကြောင့် ကျော်ကြားပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ မလေးရှားအာဏာပိုင်တွေက မလက္ကာမြစ်တွင်းကလာတဲ့ အနံ့အသက်တွေကြောင့် မြစ်ဟာ စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Source: The Malaysian Insight

Malay Mail သတင်းဌာနအရ မလက္ကာမြစ်ရေဟာ မေလ(၁၉) ရက်နေ့ကတည်းက အနက်ရောင်ပြောင်းနေခဲ့ပြီး မြစ်ထဲမှာလည်း သေနေတဲ့ ငါးတွေကြောင့် မြစ်ရေဟာ နံစော်နေကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ မလေးမြို့တစ်မြို့ဖြစ်တဲ့ ဘာတုဘီရန်ဒမ်မှာရှိတဲ့ ဘာတုဟမ်ပါ ရေကာတာကြောင့် ဖြစ်ပါတယ်။ မြစ်ရေဟာ အရောင်ပြောင်းလာပြီး ငါးသေတွေကို တွေ့ရပြီးတဲ့နောက် မလက္ကာမြစ်ရဲ့ အခြေအနေ ပိုဆိုးမလာအောင် ချက်ခြင်းပိတ်ချဖို့ အာဏာပိုင်တွေက အမိန့်ချမှတ်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Source: NST

အမျိုးသားကျန်းမာရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီက ဥက္ကဌဖြစ်တဲ့ လိုချီလျောင်းကတော့ မြစ်ရေတွေ အခုလို မသန့်ရှင်းရခြင်းရဲ့ အကြောင်းရင်းက စက်ရုံတွေကထွက်တဲ့ အညစ်အကြေးတွေကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် နာရီပိုင်းအနည်းငယ်အတွင်းမှာပဲ ထောင်ပေါင်းများစွာသော ရေချိုငါးတွေဟာ သေဆုံးကုန်ပြီး မြစ်ရဲ့အလှဟာ အကျည်းတန်လာခဲ့ရတာ ဖြစ်ပါတယ်။ လိုချီလျောင်းကတော့ “မြစ်တစ်လျှောက် ငါးတွေသေပြီး ပုပ်ပွနေတဲ့ ဓာတ်ပုံတွေကို ကျွန်တော်အများကြီး ရခဲ့ပါတယ်။ ဒါ စိုးရိမ်စရာပါပဲ။ မြစ်ကမ်းဘေးနား နေတဲ့သူတွေရဲ့ ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ ငါးတွေကိုတော့ ဟိုးမြစ်အောက်ခြေထဲကို မရောက်ခင်မှာ လိုက်ဆယ်ခဲ့ရပါတယ်…” လို့ ဆိုပါတယ်။

READ
စကော့တလန်နိုင်ငံက သဘာဝအလှအပတွေကို ရင်သပ်ရှုမောဖွယ်ဖော်ကျူးပြရတဲ့ ဓာတ်ပုံပြိုင်ပွဲ
Source: Front Desk

အဆိပ်သင့်နေတဲ့ ငါးတွေကို အချိန်မီသာ မဆယ်မိခဲ့ရင်တော့ ငါးသေတွေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေဟာ ပိုမိုပေါက်ပွားပြီး မြစ်ရဲ့ အောက်ဆီဂျင်ပမာဏကို ကျဆင်းစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ မြစ်ထဲရှိနေတဲ့ အခြားရေနေသတ္တ၀ါတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ မြစ်ရေ ချောင်းရေထဲအခုလို ရေထုညစ်ညမ်းတဲ့ကိစ္စက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့အပြင် နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုကိုလည်း ထိခိုက်စေကြောင်း ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

 

SHARE